Tuesday, January 17, 2012

အချစ်ကို သိချင်လျှင် အချိန်ကိုစောင့်ပါ....

ဟိုးရှေးရှေးတုန်းက ကျွန်းကလေးတစ်ကျွန်းရှိတယ်......။ အဲဒီကျွန်းကလေးကို ``ခံစားချက်ကျွန်း´´ လို့ခေါ်တယ်.....။ ဒီ``ခံစားချက်ကျွန်း´´ကလေးမှာ ခံစားချက်ရှိသူတွေသာနေကြတယ်....။  အချစ်တို့၊ အမုန်းတို့၊ အလွမ်းတို့၊ အပျော်တို့.......ခံစားချက်ရှိသူတွေပေါ့....။ တစ်နေ့တော့ အဲဒီကျွန်းကလေးကို ရေလွှမ်းပြီးမြုပ်မယ်ဆိုတဲ့ သတင်းထွက်လာတယ်....။ ကျွန်းပေါ်မှာနေသူတွေအားလုံးလည်း ပြောင်းပြေးကြတာပေါ့....။ ဒါပေမဲ့ ``အချစ်´´ဆိုတဲ့ ကောင်မလေးကတော့ မပြေးဘူး...။ သူက သစ္စာသမားလေ...။ ကျွန်းကို ရေမြုပ်မယ်ဆိုတဲ့သတင်းကို သူမယုံဘူး...။ တကယ်ရေမြုပ်မှပဲ ပြေးမယ်ဆိုပြီး သူကစောင့်ကြည့်နေတယ်...။ ညတဖြည်းဖြည်းနက်လာတာနဲ့ ရေကလည်းတကယ်တက်လာတယ်....။ ဒီတော့မှ ``အချစ်´´ကပြေးမယ်ဆိုပြီး ကမ်းစပ်ကိုပြေးလာတယ်....။ အဲဒီအချိန်မှာ သူ့ရဲ့လှေက လည်း လှိုင်းပုတ်တဲ့ထဲပါသွားလို့ မရှိတော့ဘူး....။ ဒါနဲ့ သူစိတ်ညစ်နေတာပေါ့....။
အဲဒီအချိန်မှာပဲ မိုးပျံပူဖောင်းကြီးတစ်လုံးကိုတွေ့လိုက်ရတယ်....။ အဲဒီပူဖောင်းကြီးစီးလာတာက သူ့သူငယ်ချင်း ``ချမ်းသာ´´။ ``အချစ်´´လည်း ``ချမ်းသာ´´ကို အကူအညီတောင်းမယ်ဆိုပြီး အောက်ကနေလှမ်းအော်နေတာပေါ့....။ တဖြည်းဖြည်းနဲ့ မိုးပျံပူဖောင်းကြီးလည်း အောက်ကို ဆင်းလာတယ်...။ ``အချစ်´´လည်း ၀မ်းသာအားရနဲ့ အကူအညီတောင်းတာပေါ့...။
``ချမ်းသာရယ်... ငါ့ကိုကယ်ပါ...။ ငါ့လှေလည်းမရှိတော့ဘူး...။ ငါပြေးလို့လည်း မရတော့ဘူး...။ ငါ့ကိုကူညီပါ´´ လို့ပြောတော့ ``ချမ်းသာ´´က
``စိတ်မကောင်းပါဘူးဟာ....။ ငါ့ရဲ့ဒီမိုးပျံပူဖောင်းထဲမှာ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေထည့်လာလို့  နင့်ကိုကယ်လိုက်ရင် ငါ့ရဲ့ ရွှေတွေ၊ငွေတွေကို ချထားခဲ့ရမှာ...။ အဲဒါကြောင့် နင့်ကိုငါမကယ်နိုင်ဘူး...။ စိတ်မကောင်းပါဘူးဟာ...´´ ဆိုပြီး မိုးပေါ်ပျံတက်သွားတယ်...။
``အချစ်´´လည်း စိတ်ညစ်သွားတာပေါ့...။ အဲဒါနဲ့ ဟိုပြေးဒီပြေးလုပ်နေတယ်...။ အဲဒီမှာ လှေကလေးတစ်စီးကို ထပ်တွေ့တယ်...။ အဲဒီလှေပေါ်ကသူက သူနဲ့ မတည့်အတူနေတဲ့ သူ့သူငယ်ချင်း ``အလွမ်း´´ပဲ...။ ဒါနဲ့သူလည်း ``အလွမ်း´´ကို အကူအညီတောင်းတယ်...။
``အလွမ်းရယ် ငါ့ကိုကူညီပါ....။ နင်မှမကယ်ရင် ငါသေရတော့မယ်... ငါ့ကိုကယ်ပါဟာ...´´ ဆိုတော့ ``အလွမ်း´´က
``အချစ်နဲ့ အလွမ်းဆိုတာက အမြဲတမ်းကျောချင်းကပ်သာနေတာ ဘယ်တော့မှ အစေးကပ်တာမှမဟုတ်တာ....။ အဲဒါကြောင့် နင့်ကိုငါကယ်လို့ဘယ်ဖြစ်မှာလဲ...။ Sorry ပါဟာ...´´ဆိုပြီး လှေလေးလှော်ပြီး ထွက်သွားပြန်တယ်...။
``အချစ်´´လည်း တော်တော်စိတ်ညစ်တာပေါ့....။ ငါသေရတော့မယ်ဆိုပြီး ၀မ်းနည်းနေတယ်...။ အဲဒီမှာပဲ ``အပျော်´´ကို သူတွေ့လိုက်တယ်...။ အချစ်ကလည်း အော်တယ်...။
``အပျော်ရေ... အပျော်... ငါ့ကိုကယ်ပါ...။´´
သူဘယ်လောက်ပဲ အော်အော် ``အပျော်´´က မကြားရှာဘူး..။ သူ့ဟာသူ တစ်ယောက်တည်း သီချင်းတွေဆိုပြီး ပျော်ပြီးလှေကလေးကို လှော်သွားတယ်....။
``လှေကလေးကိုလှော်မည်...ဘေးမသန်းပဲ အေးချမ်းတော့မည်....´´
``အချစ်´´လည်း စိတ်ပျက်လက်ပျက်နဲ့ ကမ်းစပ်ကလေးမှာ ထိုင်နေတယ်...။ သေရတော့မယ်ဆိုပြီး ငိုလည်းငိုတာပေါ့...။ ရေကလည်း တက်သထက်တက်လာတယ်...။ အဲဒီအချိန်မှာပဲ လှေကလေးတစ်စီး သူ့အရှေ့မှာ လာရပ်တယ်...။ သူကြည့်လိုက်တော့ တရုတ်အဖိုးကြီး တစ်ယောက်ကိုတွေ့လိုက်တယ်...။ အဖိုးကြီးက
``အချစ်ဆိုတဲ့ သူငယ်မ၊ လှေပေါ်တက်ပါ...´´ ဆိုပြီးခေါ်တယ်..။ အချစ်လည်း ၀မ်းသာအားရနဲ့ လှေပေါ်တက်သွားတာပေါ့...။ ကျေးဇူးတင်လွန်းလို့ အဖိုးကြီးကိုထိုင်ကန်တော့လိုက်တယ်...။ ပြီးတော့ တစ်နေကုန်ပြေးလွှာနေရတော့ ပင်ပန်းပြီးအိပ်ပျော်သွားတယ်...။ ဒါနဲ့ ကျွန်းလေး တစ်ကျွန်းကိုရောက်တော့ အဖိုးကြီးက ``သမီး ထထ။ ရောက်ပြီ..´´
``အချစ်´´လည်း လှေပေါ်ကဆင်းလိုက်တယ်...။ လှေကလေးဟာ ကမ်းစပ်ကနေ ပြန်ထွက်သွားတယ်...။ အချစ်လည်း လှေကလေး ခပ်ဝေးဝေးကိုရောက်မှ သူ့ကိုကယ်ခဲ့တဲ့ အဖိုးကြီးနာမည်ကို မေးဖို့သတိရတယ်...။ သူ့ကျေးဇူးရှင်နာမည်တောင် မမေးလိုက်ရဘူးဆိုပြီး စိတ်မ ကောင်းစွာနဲ့ ကမ်းပေါ်ကိုလျှောက်လာတယ်...။ အဲဒီမှာပဲ အဖိုးကြီးတစ်ယောက်ကို ထပ်တွေ့တယ်...။ ဒီအဖိုးကြီးကို မြင်ဖူးပါတယ်ဆိုပြီး သူကြည့်နေတယ်...။ သေသေချာချာကြည့်မှ သူတို့ခံစားချက်ကျွန်းမှာ အတူတူနေခဲ့တဲ့ ``အသိ´´ဆိုတဲ့ လူကြီးဖြစ်နေတယ်...။ ``အချစ်´´လည်း ဒီ``အသိ´´ဆိုတဲ့အဖိုးဟာ အားလုံးကိုသိတယ်...။ သူမသိတာမရှိဘူး...။ အဲဒီတော့ ငါ့ကိုကယ်ခဲ့တဲ့အဖိုးကြီးကိုလည်း သိမှာပဲဆိုပြီး သွားမေးတယ်...။
``အဘ.. ခုနက ကျွန်မကိုကယ်ခဲ့တဲ့ အဖိုးကိုသိလား´´ဆိုတော့
``သိတာပေါ့....။ သူ့နာမည်က အချိန်တဲ့...´´
``ဘယ်သူမှ မကယ်ချင်တဲ့ကျွန်မကို သူကဘာလို့ ကျွန်မကို ကယ်တာလဲ...။´´ဆိုတော့ ``အသိ´´ဆိုတဲ့ အဖိုးကြီးက ပြန်ပြောတယ်....။
``သမီး မှတ်ထား....။ ဒီဘဒ္ဒကမ္ဘာလောကကြီးမှာ အချစ်ရဲ့တန်ဖိုးကို နားလည်တဲ့သူဆိုလို့ ``အချိန်´´တစ်ခုပဲ ရှိတယ်´´တဲ့......။

ဒါ့ကြောင့် အချစ်ရဲ့တန်ဖိုးကို သိချင်လျှင်အချိန်ကို စောင့်လိုက်ပါ.....။
..........
..........
..........
(ဆရာ အတ္တကျော်၏ ``တရုတ်အဖိုးကြီးတစ်ယောက်အကြောင်း´´ ဆိုတဲ့ ဆောင်းပါးလေးကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။)

Leave a Reply

Thanks for your comments ...

 
 

---တောင်းပန်စကား ---

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ) ဆုံဆည်းရာ မှာလည်း ဆုံတွေ့နိုင်ပါတယ်..။ https://www.facebook.com/meeting2gt

About Me

My Photo
Hello there ! I'm rather new to blogging & collecting favorite posts.* (Mai Occupation :*Teaching Internet, Basic Computer & Web Design & then working in MIT*) > I'm 40% friendly > 30% geek > 20% crazy > 10% emo. *What u see may not be what u get* (: Feel free to add me as a friend. BB, CUL ....

Labels

Blogger (10) Computer (9) Dahama (21) Double Crane (1) Download (1) Ebook (6) Essay (6) Favourite (9) Gardars (1) Health (19) Internet (18) Knowledge (37) Learning English (4) Mobile (4) Poem (6) Story (2)

Followers