Friday, February 04, 2011

ဗောဇ္ဈင်ခုနှစ်ပါးတရားမြတ်ရတနာ

လောကီဗောဇ္ဈင် လူသုံးဗောဇ္ဈင်

ယခုပထမစတင်ပြီး လောကီဗောဇ္ဈင်- လူသုံးဗောဇ္ဈင်ကို တင်ပြရပါမယ်။ ဗောဇ္ဈင်တရားတွေရဲ့ သဘောကို အတန်ငယ် တီးခေါက်ရိပ်စားမိအောင်လည်းတစ်ကြောင်း ဒီဗောဇ္ဈင်တရားတွေဟာ လောကရေးမှာလည်း အသုံးပြုယင် တိုးတတ်ဖို့ရာသာဖြစ်ကြောင်း သိဖို့ပါပဲ။ တကယ့်ဗောဇ္ဈင်တရားမဟုတ်ပေမယ့် ပရိယာယ်ဗောဇ္ဈင်၊ ဗောဇ္ဈင်အတု ဆိုရမှာပေါ့။ နိဗ္ဗာန်ဟာ တကယ့် ငြိမ်းမှု၊ အေးချမ်းမှု ထိုနိဗ္ဗာန်၏ ငြိမ်းချမ်းမှုနဲ့ တစ်စွန်းတစ်စ တူယောင်မှု ပြုပြီး လောကမှာ စားဝတ်နေရေး မပူပန်ရ မကြောင့်ကြရအေးအေး ချမ်းချမ်း နေရတာကို လောကနိဗ္ဗာန်လို့ တင်စားခေါ်ဝေါ်ကြတယ်။ အဲ ဒါလိုပဲ တကယ့်ဗောဇ္ဈင်တော့ မဟုတ်၊ ဗောဇ္ဈင်တရား ပွားများ ယင်မဆုတ်ယုတ်နိုင် တိုးတတ်ဖို့ရာသာ ဖြစ်သလို လောကရေးမှာ ဒီတရားတွေ လက်ကိုင်ထား သုံးသွားယင် မဆုတ်ယုတ်နိုင် တိုးတတ်နိုင်လို့ ဗောဇ္ဈင်နဲ့တူလို့ ပရိယာယ်အားဖြင့် ဆိုရခြင်းဖြစ်ပါတယ်။

၁) သတိသမ္ဗောဇ္ဈင်
သတိသမ္ဗောဇ္ဈင်ဆိုတာ သတိတရားပါပဲ။ သတိဆိုတာအမှတ်ရမှု မမေ့မှုဖြစ်ပါတယ်။ ဒီသတိဟာ မိမိကိုယ်ကို ထိန်းထား စောင့်ရှောက်ထားတဲ့ အထိန်း အစောင့်အရှောက် တရားပါပဲ။ ဒီသတိရှိနေယင် မိမိလုပ်ငန်း မိမိတာဝန် မိမိကိစ္စတွေမှ လွတ်မသွားဘဲ စွဲမြဲနေတော့တယ်။ သတိ၏ ဆန့်ကျင်ဘက်က ပမာဒ မေ့လျှော့မှု မိမိတာဝန် အလုပ်ကိစ္စမှတစ်ပါး တခြားမဆိုင်ရာ ကိစ္စတွေမှာ အပျော်အပါး အကစားစတဲ့ အကျိုးမဲ့ အလုပ်တွေမှာ လိုက်စားမိုက်မှားနေမှုပါပဲ။ မေ့လျှော့မှု ပမာဒဝင်လာယင်ဖြင့် အထိန်းပြုတ်သွားတော့တာပါပဲ။ ဒီတော့ အားလုံးတာဝန်ကိစ္စ တွေမှာ သတိထိန်းချုပ်မှုဟာဖြင့် အလွန်ပဲ လိုအပ်လှပါတယ်။
ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ လောကဘယ်အရေးမှာမဆို ဒီသတိဟာ မပါမပြီး၊ ပညာဆိုတာ သတိရှိမှ တိုးတတ်နိုင်တယ်၊ မေ့လျော့နေသူ မေ့လျော့တတ်သူဟာ ပညာတိုးတတ်ဖို့ထား ဖြစ်ဖို့တောင်မလွယ်လှ။ စီးပွားရေးမှာလည်း မေ့လျော့တဲ့ သတိကင်းတဲ့ ပုဂ္ဂိုလ်ဟာ စီးပွားရေးတိုးအောင် မလုပ်နိုင်ပါဘူး။ ဆုတ်သာဆုတ်သွားမှာပဲ။ ကုန်သွယ်လယ်လုပ်စသော လောကလုပ်ငန်းတွေ တိုးတတ်မှုမှာ ဒီသတိဟာ မရှိမဖြစ် အလွန်အရေးကြီးလှပါတယ်။ ကျန်းမာရေးမှာလည်း သတိရှိမှ ကျန်းမာရေး ကောင်းအောင် စောင့်ရှောက်နိုင်တယ်။ ကျန်းမာရေးမပျက်အောင် ကာကွယ်နိုင်တယ်။ မကျန်းမာလျှင်လည်း ကျန်းမာအောင် သတိက ပြုပြင် ပေးနိုင်တယ်။ နိုင်ငံရေးမှာလည်း သတိရှိမှ နိုင်ငံအရေးအရာတွေမှာ တိုးတတ်အောင် ဆောင်ရွက်နိုင်ပါတယ်။ သတိမရှိ မေ့လျော့ပေါ့ဆနေလျှင် နိုင်ငံရေးဆောင်ရွက်ရာမှာ လစ်ဟင်းပြီး နိုင်ငံနာတတ်ပါတယ်။ ဒါကြောင့် သတိဟာဖြင့် ကိစ္စတိုင်းမှာ မပါမပြီး အရေးကြီးလို့ ထိုသတိကို အမြဲပွားအောင် ကြိုးစားကြလျှင် ကိုယ့်ကိစ္စမှန်သမျှမှာ တိုးတတ်အောင်မြင် ခွင့်သာကြုံကြရပါလိမ့်မယ်။

၂) ဓမ္မဝိစယသမ္ဗောဇ္ဈင်
ဓမ္မဝိစယသမ္ဗောဇ္ဈင်ဆိုတာ ပညာပါပဲ။ ပညာဆိုတာ အသိအမြင် ဉာဏ်ကို ဆိုလိုပါတယ်။ သတိဟာ အရေးကြီးတယ် ဆိုပေမယ့် ပညာမပါယင် သတိရှိရုံနဲ့ တယ်ခရီးမရောက်နိုင်ပါဘူး။ ဒီပညာကလည်း လောက ကိစ္စတိုင်းမှာ အလွန်အရေးကြီးပါတယ်။ ဥပမာ ပညာရေးမှာ အတတ်တွေ၊ ပညာတွေ သင်တဲ့အခါ အသိဉာဏ်မပါလျှင် ဘယ်မှာခရီးရောက် တိုးတတ်နိုင်ပါ့မလဲ။ အသိ ဉာဏ်ရှိမှ အသိဉာဏ် တိုးတတ်အောင် လုပ်မှ ဆိုင်ရာ အတတ် ပညာဟာ တိုးတတ်အောင်မြင် နိုင်ပါတယ်။ စီးပွားရေးမှာလည်း ဒီပညာဟာ မရှိမဖြစ်ပါပဲ။ ကုန်သွယ်လယ်လုပ်စသော ဆိုင်ရာ မိမိလုပ်ငန်းတွင် ကျမ်းကျင်နားလည်တဲ့ အသိဉာဏ်လိုပါတယ်။ အသိဉာဏ် ကျွမ်းကျင်မှု မရှိယင် လုပ်ငန်းတိုးတတ်မှု မဖြစ်နိုင်ပါဘူး။ ခုခေတ် သိပ္ပံပညာတွေ ထွန်းကားနေတော့ ဒီလုပ်ငန်းတွေမှာလည်း သိစရာ နားလည်စရာတွေက မဆုံးနိုင်အောင်ပါပဲ။ ဒီတော့ စီးပွားရေး တိုးတတ်လိုသူတိုင်းဟာ ဒီပညာ ဒီအသိ တွေကို တိုးတတ် ဆည်းပူး နေကြရမှာပါပဲ။ ကျန်းမာရေးမှာလည်း အသိဉာဏ်က လိုလျက်ပါပဲ။

ဇီဝံ ပညာယ ရက္ခေယျ - အသက်ဉာဏ်စောင့် ဆိုတာလို ကျန်းမာရေး အသိဉာဏ်ရှိမှ ကျန်းမာရေးကောင်းအောင် ထိန်းထားနိုင်ပါတယ်။ အခန့်မသင့်လို့ မကျန်းမာလျှင်လည်း အသိဉာဏ်ရှိမှ ကျန်းမာအောင် ပြုပြင်နိုင်တယ်။ နိုင်ငံရေးမှာလည်း ဒီပညာ ဒီအသိဟာ အရေးကြီးလှပါတယ်။ နိုင်ငံရေးမှာ အသိဉာဏ် မရှိကြယင် မိမိတို့ နိုင်ငံရေးဆောင်ရွက်မှုကြောင့် တိုင်းပြည်မှာ ဒုက္ခရောက်ရပါတယ်။ နိုင်ငံရေး အသိရှိမှ တိုင်းပြည် တိုးတတ်သာယာအောင် တိုင်းသူပြည်သားတွေ ချမ်းသာအောင် ဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့် ဒီပညာ ဒီအသိဟာ အရေးကြီးလှပါတယ်။ ပုခက်ထဲက သင်္ချိုင်းကျအောင် ဆိုတာလို တစ်သက်လုံး ဆည်းပူးသော်လည်း ပြည့်နိုင်တယ် ကုန်နိုင်တယ် မရှိလေတော့ ဒီပညာတွေ ဖတ်ရင်း၊ ကြံရင်း၊ လုပ်ရင်း၊ လေ့လာရင်း၊ သင်ကြားရင်း၊ နာခံရင်းနဲ့ အမြဲတမ်း ဆည်းပူးနေရမှာသာ ဖြစ်ပါတယ်။ ဒီလိုဆည်းပူးအားဖြည့် ပေးယင် ပညာဟာ တစ်ဆင့်ထက် တစ်ဆင့် မြင့်လာ တိုးတတ်အောင်မြင်လာမှာ မလွဲပါဘူး။

၃) ဝီရိယ သမ္ဗောဇ္ဈင်
ဝီရိယ သမ္ဗောဇ္ဈင်ဆိုတာ ဝီရိယပါပဲ။ လုံလခေါ်ကြတဲ့ ကြိုးစားမှု အားထုတ်မှု ဆိုပါတယ်။ ဒီလို လုံ့လဝီရိယကလည်း အလွန်အရေးပါတဲ့ တရားပါပဲ။ လောကမှာ တိုးတတ်နေတဲ့သူတွေ တိုးတတ်နေတဲ့ အရာဝတ္ထုတွေဟာ ဝီရိယရဲ့ အစွမ်းသတ္တိကြောင့် ရတဲ့ အကျိုး အာနိသင်တွေပါပဲ။ သတိ ပညာရှိဥိး ဝီရိယမရှိလျှင် မတိုးတတ်နိုင်ပါဘူး။ လောကဓာတ် သိပ္ပံပညာတွေဟာ အံ့မခန်းတိုးတတ်နေပါတယ်။ ထိုထိုအရာတွေဖြစ်မြောက်မှုမှာ သိပ္ပံပညာသိရုံနဲ့ တင်းတိမ်နေယင် ယခုလို တိုးတတ်ဖြစ်မြောက်မှာ မဟုတ်ပါဘူး။ မိမိတို့ရဲ့ အသိပညာ အသုံးချပြီး ဇွဲသန်သန်ထား ကြိုးစားအားထုတ် လုပ်ခဲ့ကြလို့ အံ့မခန်းဖွယ်ရာ ဖြစ်မြောက်နေတဲ့ အရာဝတ္ထုတွေပါ။

ဝီရိယရှိသူမှာ တတ်တတ်ကြွကြွနိုးနိုးကြားကြား အားမာန်အပြည့်နဲ့၊ ဝီရိယရဲ့ ဆန့်ကျင်ဘက် အပျင်းသမားကတော့ တွန့်တွန့်ဆုတ်ဆုတ် ကုတ်ကုတ်ရွံ့ရွံ့နဲ့၊ ဒီအခြင်းအရာ နှစ်မျိုးကပင် အောင်မြင်မယ့်အသွင် ဆုတ်ယုတ်အောက်ကျမယ့်အသွင် ပြနေခဲ့ ပါတယ်။ ဝီရိယဟာ လူ့ဘဝရဲ့ အသက်လို့ ဆိုရလောက်အောင် အရေးပါလှပါတယ်။ ဒါကြောင့် ကိစ္စတိုင်း လုပ်ငန်းတိုင်း အရေးအရာတိုင်းမှာ မဖြစ်သေးတဲ့ ဝီရိယဖြစ်လာအောင်၊ ဖြစ်ပြီးတဲ့ ဝီရိယတိုးတတ်လာအောင် ပွားများပေးဖို့က လူချင်းတူတူ သူချင်းမျှမျှ ဖြစ်လိုသူတိုင်း သူ့ထက်ကဲကာ အသာရလိုသူတိုင်းရဲ့ တာဝန်တစ်ရပ်ပဲဆိုတာ ထင်ရှားလှပါတယ်။

ပီတိသမ္ဗောဇ္ဈင်
ပီတိသမ္ဗောဇ္ဈင်က ပီတိနှစ်သက်မှုပါပဲ။ ကိုယ့်အလုပ် ကိုယ့်ကိစ္စမှာ နှစ်သက်အားရမှု မရှိတဲ့သူဟာ ထိုအလုပ်မှာ စိတ်မပါ မဝင်စား တိုးပွားအောင်မြင်အောင် မလုပ်နိုင်ပါဘူး။ အလုပ်မှာ နှစ်သက်အားရကျေနပ်နေမှ အောင်မြင်အောင် လုပ်နိုင်ပါတယ်။ တချို့အလုပ်က ပင်ပန်းပေမယ့် သီချင်းတကြော်ကြော်နဲ့ ပျော်ပျော်ကြီး လုပ်နေတာတွေ့ရတာ အလုပ်မှာ နှစ်သက်မှု ပီတိဖြစ်နေလို့ပါပဲ။ သတိလည်းကောင်း ပညာလည်းကောင်း ဝီရိယလည်းသန် နေယင် အလုပ်မှာ ကျေနပ်မှု ပီတိဆိုတာလည်း ဖြစ်မြဲပါပဲ။ လူ့လောက တာဝန်တွေ ဆောင်ရွက်ရာမှာ ပီတိဟာလည်း အရေးကြီးပါတယ်။ ဒီပီတိပွားများမှု အလုပ်မှာ ကျေကျေနပ်နပ် အားရပါရ လုပ်နိုင်ပြီး အလုပ်အထမြောက် အောင်မြင်မှာမို့ ပီတိကိုလည်း တိုးပွားအောင် ကြိုးစားသင့်ပါတယ်။

ပဿဒ္ဓိသမ္ဗောဇ္ဈင်
ပဿဒ္ဓိသမ္ဗောဇ္ဈင်က ပဿဒ္ဓိတရားပါပဲ၊ ပဿဒ္ဓိဆိုတာ ကိုယ်စိတ်ငြိမ်းချမ်းမှု။ ပီတိဖြစ်နေယင် ကိုယ့်အလုပ်ထဲ နှစ်သက်အားရနေယင် ပဿဒ္ဓိငြိမ်းချမ်းမှုဟာ ရလာစမြဲပါပဲ။ ပဿဒ္ဓိငြိမ်းအေးမှုရဲ့ ဆန့်ကျင်ဘက်က စိတ်ပူပန်မှု။ စိတ်ပူပန်မှုရှိယင် ကိုယ်လည်းပူပန်နေတာပါပဲ။ ကိုယ်စိတ်ပူပန်နေယင် အလုပ်တွင်စိတ်မပါ၊ မတွင်ကျယ်။ စိတ်ငြိမ်းချမ်းနေယင် ချွေးတွေသံတွေနဲ့ ပင်ပန်းတဲ့ အလုပ် လုပ်နေရပေမဲ့ ကိုယ်လည်း ငြိမ်းချမ်းလျက်ပါပဲ။ ဒါကြောင့် တချို့သီချင်းတကြော်ကြော်နဲ့ ပျော်ပျော်ကြီး အလုပ် လုပ်နိုင်ကြတာ။ ဒီတော့လောကရေးရာမှာ ကိုယ့်ဝန်တာ ကိုယ့်လုပ်ငန်း ကိုယ့်ကိစ္စတွေမှာ ပဿဒ္ဓိ ငြိမ်းချမ်းမှုဟာလည်း ပွားဖို့များဖို့ အားရှိနေဖို့ အရေးကြီးလို့ ပွားများပေးရမယ့် တရားတစ်ခုပါပဲ။

သမာဓိသမ္ဗောဇ္ဈင်
သမာဓိသမ္ဗောဇ္ဈင်က သမာဓိ၊ သမာဓိဆိုတာ ဧကဂ္ဂတာ ခေါ်တဲ့ တစ်ခုတည်းသော အာရုံရှိမှုပါပဲ။ အာရုံတစ်ခုတည်းမှာ မိမိစိတ်ခိုင်မြဲစွာထားမှု ဒါကို တည်ကြည်မှုလို့လည်း ခေါ်ပါတယ်။ လောက အလုပ်တာဝန် ကိစ္စတွေမှာ ဒီသမာဓိဟာလည်း မပါမဖြစ်။ သမာဓိနဲ့ ဆန့်ကျင်ဘက်က ပျံ့လွင့်မှု မတည်ကြည်မှု။ စိတ်ပျံ့လွင့်နေသူမှာ ပညာရေးမှာ အရာရောက်အောင် လုပ်နိုင့်ပါ့မလား။ ပညာနဲ့ သမာဓိကလည်း ဖက်မိဖို့ အရေးကြီးပါတယ်။ စီးပွားရေး ဖြစ်တဲ့ ထိုထိုလုပ်ငန်းတွေမှာလည်း စိတ်ပျံ့လွင့်နေသူ ကိုယ့်အလုပ်ထဲ စိတ်မဝင်စားသူဟာ လုပ်ငန်းတွေ တိုးတတ်အောင် မလုပ်နိုင်ပါဘူး။ ကိုယ့်အလုပ်ထဲ စွဲမြဲတည်နေတဲ့ သမာဓိရှိမှ လုပ်ငန်းဟာ ကောင်းစွာ ထမြောက်နိုင်ပါတယ်။ ကျန်းမာရေး၊ နိုင်ငံရေးစသော ဘယ်အရေးမှာဖြစ်ဖြစ် သမာဓိကတော့ ဖြစ်ရမယ့် ပွားရမယ့် တရားတစ်ခုဖြစ်ကြောင်း ထင်ရှားလှပါတယ်။ တကယ်တော့ ယခင်သတိလည်း ကောင်း၊ ပညာလည်း ကောင်း၊ ဝီရိယလည်း ကောင်းလို့ ပိတိ ပဿဒ္ဓိတွေဖြစ်နေယင် သမာဓိလည်း ကောင်းလာတာပါပဲ။ စိတ်ငြိမ်းချမ်းမှုဟာ သမာဓိဖြစ်ခြင်းအကြောင်းပါပဲ။ ဒီတော့ လောကရေးရာ အဖြာဖြာမှာ သမာဓိဟာလည်း အရေးကြီးလို့ သမာဓိရအောင် သမာဓိတွေ အဆက်ဆက်တိုးပွားအောင် ပွားများနေလျှင် အောင်မြင်တော့တာပါပဲ။

ဥပေက္ခာသမ္ဗောဇ္ဈင်
ဥပေက္ခာသမ္ဗောဇ္ဈင်ဆိုတာက ဥပေက္ခာ လျစ်လျူရှုမှု။ လျစ်လျူရှုမှုဆိုတာ အလုပ်မလုပ်ဘဲ နေတာကို ပြောတာမဟုတ်ပါဘူး။ အလုပ် လုပ်တဲ့အခါ ဟိုဘက် သည်ဘက် မကျ အလယ်ကနေတဲ့ သဘောပါပဲ။ ချစ်ခြင်းဘက်လည်းမကျ၊ မုန်းခြင်းဘက်လည်းမကျ အလယ်ကျကျဖြစ်တဲ့ သဘောကိုလည်း ဥပေက္ခာဆိုပါတယ်။ အလုပ်ကိုရှောင်လွှဲ တချစ်ထဲချစ်နေယင်၊ အချစ်ဘက်ချည်း လိုက်နေယင်၊ ကိုယ့်အလုပ်ပျက်ကြောင်းတစ်ခုပဲ။ တစ်ပါးသူ တစ်ပါးဝတ္ထုကိုမုန်းနေရွံ့နေ စက်ဆုပ်နေယင်လည်း အလုပ်ရဲ့ အနှောက်အယှက်တစ်ခုပါပဲ။ ဒီတော့ မမုန်းမချစ် လျစ်လျူရှုတတ်ယင် ဆိုင်ရာအလုပ်မှာ ချောမောအောင်မြင်နိုင်ပါတယ်။ ဒါတွင်မက သတိပညာကလည်း ကောင်း၊ ဝီရိယကလည်း သန်၊ ပီတိ ပဿဒ္ဓိ သမာဓိတွေလည်း ဖြစ်နေတဲ့အခါ အလုပ်ကျွမ်းကျင် ကောင်းကောင်းလုပ်တော့ အလုပ်ဟာ သွက်သွက်လက်လက် သက်သက်သာသာနဲ့ သူ့ဟာသူ လုပ်သွားသလိုဖြစ်နေပါတယ်။ အဲဒီလိုအခါမှာ တွန့်တိုမှု ဆုတ်နစ်မှု ပျံ့လွင့်မှုတွေ မဖြစ်ဖို့ ကြောင့်ကြမစိုက်ရဘဲ အသာမျှောလိုက်နေရသလိုဖြစ်တဲ့ လျစ်လျူရှုမှုဟာလည်း ဥပေက္ခာပါပဲ။ အဲဒီဥပေက္ခာကလည်း အလုပ်ကိစ္စ တိုးတတ်တဲ့ အောင်မြင်တဲ့ သဘောပြနေလို့ လိုလားအပ် ပွားများအပ်တဲ့ သဘောပါပဲ။

ကဲဒီမျှဆိုယင် ဗောဇ္ဈင်တရားတွေဟာ လောကရေးရာ အဖြာဖြာမှာ မဆုတ်ယုတ်ကြောင်း တိုးတတ်ကြောင်းမို့ ပွားများထိုက်တယ် အမြဲဖြစ်နေအောင် ကြိုးစားသင့်တယ် ဆိုတာ သဘောပေါက်လောက်ပါပြီ။

သပြေကန်ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ရဲ့ဗောဇ္ဈင်ခုနှစ်ပါးတရားမြတ်ရတနာ ဆိုတဲ့ စာအုပ်မှ ကူယူဖော်ပြပေးလိုက်ပါတယ်။ (စာမျက်နှာ ၁၈-၂၅)

ရွက်ဝါဆိုဒ်မှကူးယူဖော်ပြပါသည်။

One Response so far.

  1. ကျေးဇူးအထူးတငပါတယ်ခင်ဗျား

Leave a Reply

Thanks for your comments ...

 
 

---တောင်းပန်စကား ---

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ) ဆုံဆည်းရာ မှာလည်း ဆုံတွေ့နိုင်ပါတယ်..။ https://www.facebook.com/meeting2gt

About Me

My Photo
Hello there ! I'm rather new to blogging & collecting favorite posts.* (Mai Occupation :*Teaching Internet, Basic Computer & Web Design & then working in MIT*) > I'm 40% friendly > 30% geek > 20% crazy > 10% emo. *What u see may not be what u get* (: Feel free to add me as a friend. BB, CUL ....

Labels

Blogger (10) Computer (9) Dahama (21) Double Crane (1) Download (1) Ebook (6) Essay (6) Favourite (9) Gardars (1) Health (19) Internet (18) Knowledge (37) Learning English (4) Mobile (4) Poem (6) Story (2)

Followers