အော် ငါ၊ သူတစ်ပါး ၊ ယောက်ျား၊ မိန်းမဆိုတာမရှိ ။ ရုပ် နဲ့ နာမ် သာရှိ။ အားလုံးဟာ အနိစ္စ အမြဲမရှိကြီးပဲလို့ဝိပဿနာကဆိုထားတာ သိပါတယ်။ တကယ်တည်း ဒီခန္ဓာကိုယ်ကြီးကလည်း အပုပ်ကောင်ကြီး ရုပ်ဆောင်နေတာပါပဲ။ နေ့တိုင်းသူ့ကို ပြုပြင်ပေးရ ၊ သန့်စင်ပေးရ ၊ ဆာရင် အစာကျွေးရနဲ့ဒုက္ခကြီးပါ။ ဘ၀မှာချမ်းချမ်းသာသာနေရဖို့ ငွေရှာရ ၊ ပင်ပန်းဆင်းရဲ ရတာတွေဟာ ဒီခန္ဓာကို စွဲလမ်းနေရလို့ပါပဲ။ ဇာတိဆိုတဲ့ ဒီခန္ဓာကိုယ်ကြီးဖြစ်လာရကထဲက တစ်နေ့တစ်ခြားအိုမင်းလာရတဲ့ ဇရာ ၊ အိုပြီးရင် နာရမှာ ၊ သေရမှာပဲမဟုတ်ပါလား။
အခုလည်း ခေါင်းအစ ခြေအဆုံး ဝေဒနာပေါင်းစုံက တစ်မျိုးပြီး တစ်မျိုးပေါ်နေတာပါပဲ။ စိတ်ဆိုကလည်း အတွေးပေါင်းစုံ၊ အကြံပေါင်းစုံမဟုတ်ပါလား။ ဖြစ်ချင်တိုင်း မဖြစ်ရတဲ့အခါ ၊ ဖြစ်မလာတဲ့အခါ ၊မျှော်လင့်သလို ဖြစ်မလာမှာ ပူဆွေးရတာကိုက ကိုယ့်ဒုက္ခကိုယ်ရှာနေကြတာပါပဲ။ ဘယ်လိုပဲ တရားအသိတွေရှိရှိ မကျင့်ဘူး ကိုယ့်ကိုကိုယ်ဝေဖန် မဆန်းစစ်ဘူးဆိုရင် ဒီသံသရာဝဲဂယက်ကကို ရုန်းထွက်နိုင်ဦးမည် မဟုတ်ပါဘူး။
အော် စာတွေဖတ် တရားတွေနာပြီး သညာသိတွေနဲ့ သိနေတာတော့ ၀န်ခံပါတယ်။
ဘ၀ခန္ဓာဖြစ်စဉ်အမျိုးမျိုးသာပြောင်းလဲသွားပေမယ့် ငါစွဲဆိုတဲ့ ဒိဠိကို မသတ်သမျှ သံသရာမှာဆက်ရှည်နေရဦးမှာပါပဲ။ ဒါကြောင့် တရားအမှန်ကို သိအောင် တရားဓမ္မ ကို များများကြားနာ ၊ဖတ်ရှု ပွါးများပါတယ်။ ဒါမှသာ တရားကိုသိတော့ တရားအတိုင်း အလုံးစုံမကျင့်ကြံနိုင်သေးရင်တောင် အကုသိုလ်လုပ်ရင် ဆိုးကျိုးရမှာ ကြောက်လို့ မလုပ်ဝံ့တော့ဘူးပေါ့။
ကုသိုလ်များများလုပ်ရင် အကုသိုလ်ကို ချေဖျတ်နိုင်စွမ်းရှိတော့ ကုသိုလ်များများရဖို့ ကောင်းကံတွေပြုကြရမှာပေါ့။ စိတ်မှာ အတက်နိုင်ဆုံး အစွဲအလမ်းကင်းအောင် ကြိုးစားနေထိုင်တော့ လောကဓံနဲ့ကြုံရင် သိပ်ပြီးတုန်လှုပ်မှုမဖြစ် အပူကင်းလျော့နည်းတာပေါ့။ ပွါးများထားတဲ့ မေတ္တာဘ၀နာအကျိုးတွေကြောင့်လည်း ကောင်းသောအကျိုးတွေကလည်း သူ့အလိုလိုရနေဦးမှာပါ့။
ဆရာတော်တွေကတော့ ဗုဒ္ဓသာသနာတော်နဲ့ ကြုံကြိုက်ခိုက်မှာ ၀ိပဿနာတရားမြတ်ကို နှလုံးသွင်းကျင့်ကြံနိုင်မှ ဘုရားကျေးဇူးဆပ်ရာရောက်ပါတယ်တဲ့။ အသေမဦးခင် ဥာဏ်ဦးအောင် လုပ်ကြပါလို့ ဟောပြော ညွန်ကြားဆုံးမထားခဲ့ကြတာပါပဲ။ မြတ်တို့ ပုထုဇဉ်လူသားတွေဟာ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုသေရမယ် ၊ သေပြီး ဘယ်ဘုံဘ၀မှာ ဘာဖြစ်မယ်ဆိုတာကိုမသိနိုင်ပါဘူး။ လူဆိုတာ ကုသိုလ်ရော အကုသိုလ်ရော နှစ်မျိုးလုံးရောပြွန်းပြုခဲ့ ရှိခဲ့ကြတာဆိုတော့ ကိုယ်သေပြီးချိန်မှာ ဘယ်ကံက အရင်ဆုံးအကျိုးစပေးမလဲဆိုတာ ဘယ်သိနိုင်ပါ့မလဲ။ ဒါကြောင့် သေခါနီးအချိန် နှလုံးသွင်းမှားခဲ့ရင် အပါယ်ငရဲ ၊ တိရိစ္ဆာန် ၊ ပြိတ္တာ ဆိုတဲ့ ဒုက္ခတိဘုံဘ၀များကို ကျရောက်သွားရတတ်ပါတယ်။ ဒါကြောင့်မို့လို့လည်း ဘာကိုမှ အစွဲအလမ်းမကြီးကြပဲ ဗုဒ္ဓညွှန်ကြားဆုံးမထားတဲ့ မြတ်တရားတော်များကို များများနှလုံးသွင်းပွါးများ ကျင့်ကြံကြခြင်းဖြင့် ကောင်းမွန်သော သုဂတိဘုံဘ၀များကို ရောက်မည်မလွဲဧကန်ပါ။
စိတ်စေစားရာတိုင်း လိုက်လုပ်နေကြရတဲ့ စိတ်ရဲ့ကျွန်ဘ၀ကနေ လွတ်မြောက်လို့ စိတ်ကိုအနိုင်ယူနိုင်တဲ့သူအဖြစ် ကောင်းသောအလေ့အထများကို အကျင့်ပါအောင် စွဲမြဲအောင်
များများပြုလုပ်ကြပါစို့ ဓမ္မမိတ်ဆွေတို့ရေ ….။
မြတ်ပုလဲဖြူ