#Post Title #Post Title #Post Title
Showing posts with label Story. Show all posts
Showing posts with label Story. Show all posts
Tuesday, January 17, 2012

အချစ်ကို သိချင်လျှင် အချိန်ကိုစောင့်ပါ....

ဟိုးရှေးရှေးတုန်းက ကျွန်းကလေးတစ်ကျွန်းရှိတယ်......။ အဲဒီကျွန်းကလေးကို ``ခံစားချက်ကျွန်း´´ လို့ခေါ်တယ်.....။ ဒီ``ခံစားချက်ကျွန်း´´ကလေးမှာ ခံစားချက်ရှိသူတွေသာနေကြတယ်....။  အချစ်တို့၊ အမုန်းတို့၊ အလွမ်းတို့၊ အပျော်တို့.......ခံစားချက်ရှိသူတွေပေါ့....။ တစ်နေ့တော့ အဲဒီကျွန်းကလေးကို ရေလွှမ်းပြီးမြုပ်မယ်ဆိုတဲ့ သတင်းထွက်လာတယ်....။ ကျွန်းပေါ်မှာနေသူတွေအားလုံးလည်း ပြောင်းပြေးကြတာပေါ့....။ ဒါပေမဲ့ ``အချစ်´´ဆိုတဲ့ ကောင်မလေးကတော့ မပြေးဘူး...။ သူက သစ္စာသမားလေ...။ ကျွန်းကို ရေမြုပ်မယ်ဆိုတဲ့သတင်းကို သူမယုံဘူး...။ တကယ်ရေမြုပ်မှပဲ ပြေးမယ်ဆိုပြီး သူကစောင့်ကြည့်နေတယ်...။ ညတဖြည်းဖြည်းနက်လာတာနဲ့ ရေကလည်းတကယ်တက်လာတယ်....။ ဒီတော့မှ ``အချစ်´´ကပြေးမယ်ဆိုပြီး ကမ်းစပ်ကိုပြေးလာတယ်....။ အဲဒီအချိန်မှာ သူ့ရဲ့လှေက လည်း လှိုင်းပုတ်တဲ့ထဲပါသွားလို့ မရှိတော့ဘူး....။ ဒါနဲ့ သူစိတ်ညစ်နေတာပေါ့....။
အဲဒီအချိန်မှာပဲ မိုးပျံပူဖောင်းကြီးတစ်လုံးကိုတွေ့လိုက်ရတယ်....။ အဲဒီပူဖောင်းကြီးစီးလာတာက သူ့သူငယ်ချင်း ``ချမ်းသာ´´။ ``အချစ်´´လည်း ``ချမ်းသာ´´ကို အကူအညီတောင်းမယ်ဆိုပြီး အောက်ကနေလှမ်းအော်နေတာပေါ့....။ တဖြည်းဖြည်းနဲ့ မိုးပျံပူဖောင်းကြီးလည်း အောက်ကို ဆင်းလာတယ်...။ ``အချစ်´´လည်း ၀မ်းသာအားရနဲ့ အကူအညီတောင်းတာပေါ့...။
``ချမ်းသာရယ်... ငါ့ကိုကယ်ပါ...။ ငါ့လှေလည်းမရှိတော့ဘူး...။ ငါပြေးလို့လည်း မရတော့ဘူး...။ ငါ့ကိုကူညီပါ´´ လို့ပြောတော့ ``ချမ်းသာ´´က
``စိတ်မကောင်းပါဘူးဟာ....။ ငါ့ရဲ့ဒီမိုးပျံပူဖောင်းထဲမှာ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေထည့်လာလို့  နင့်ကိုကယ်လိုက်ရင် ငါ့ရဲ့ ရွှေတွေ၊ငွေတွေကို ချထားခဲ့ရမှာ...။ အဲဒါကြောင့် နင့်ကိုငါမကယ်နိုင်ဘူး...။ စိတ်မကောင်းပါဘူးဟာ...´´ ဆိုပြီး မိုးပေါ်ပျံတက်သွားတယ်...။
``အချစ်´´လည်း စိတ်ညစ်သွားတာပေါ့...။ အဲဒါနဲ့ ဟိုပြေးဒီပြေးလုပ်နေတယ်...။ အဲဒီမှာ လှေကလေးတစ်စီးကို ထပ်တွေ့တယ်...။ အဲဒီလှေပေါ်ကသူက သူနဲ့ မတည့်အတူနေတဲ့ သူ့သူငယ်ချင်း ``အလွမ်း´´ပဲ...။ ဒါနဲ့သူလည်း ``အလွမ်း´´ကို အကူအညီတောင်းတယ်...။
``အလွမ်းရယ် ငါ့ကိုကူညီပါ....။ နင်မှမကယ်ရင် ငါသေရတော့မယ်... ငါ့ကိုကယ်ပါဟာ...´´ ဆိုတော့ ``အလွမ်း´´က
``အချစ်နဲ့ အလွမ်းဆိုတာက အမြဲတမ်းကျောချင်းကပ်သာနေတာ ဘယ်တော့မှ အစေးကပ်တာမှမဟုတ်တာ....။ အဲဒါကြောင့် နင့်ကိုငါကယ်လို့ဘယ်ဖြစ်မှာလဲ...။ Sorry ပါဟာ...´´ဆိုပြီး လှေလေးလှော်ပြီး ထွက်သွားပြန်တယ်...။
``အချစ်´´လည်း တော်တော်စိတ်ညစ်တာပေါ့....။ ငါသေရတော့မယ်ဆိုပြီး ၀မ်းနည်းနေတယ်...။ အဲဒီမှာပဲ ``အပျော်´´ကို သူတွေ့လိုက်တယ်...။ အချစ်ကလည်း အော်တယ်...။
``အပျော်ရေ... အပျော်... ငါ့ကိုကယ်ပါ...။´´
သူဘယ်လောက်ပဲ အော်အော် ``အပျော်´´က မကြားရှာဘူး..။ သူ့ဟာသူ တစ်ယောက်တည်း သီချင်းတွေဆိုပြီး ပျော်ပြီးလှေကလေးကို လှော်သွားတယ်....။
``လှေကလေးကိုလှော်မည်...ဘေးမသန်းပဲ အေးချမ်းတော့မည်....´´
``အချစ်´´လည်း စိတ်ပျက်လက်ပျက်နဲ့ ကမ်းစပ်ကလေးမှာ ထိုင်နေတယ်...။ သေရတော့မယ်ဆိုပြီး ငိုလည်းငိုတာပေါ့...။ ရေကလည်း တက်သထက်တက်လာတယ်...။ အဲဒီအချိန်မှာပဲ လှေကလေးတစ်စီး သူ့အရှေ့မှာ လာရပ်တယ်...။ သူကြည့်လိုက်တော့ တရုတ်အဖိုးကြီး တစ်ယောက်ကိုတွေ့လိုက်တယ်...။ အဖိုးကြီးက
``အချစ်ဆိုတဲ့ သူငယ်မ၊ လှေပေါ်တက်ပါ...´´ ဆိုပြီးခေါ်တယ်..။ အချစ်လည်း ၀မ်းသာအားရနဲ့ လှေပေါ်တက်သွားတာပေါ့...။ ကျေးဇူးတင်လွန်းလို့ အဖိုးကြီးကိုထိုင်ကန်တော့လိုက်တယ်...။ ပြီးတော့ တစ်နေကုန်ပြေးလွှာနေရတော့ ပင်ပန်းပြီးအိပ်ပျော်သွားတယ်...။ ဒါနဲ့ ကျွန်းလေး တစ်ကျွန်းကိုရောက်တော့ အဖိုးကြီးက ``သမီး ထထ။ ရောက်ပြီ..´´
``အချစ်´´လည်း လှေပေါ်ကဆင်းလိုက်တယ်...။ လှေကလေးဟာ ကမ်းစပ်ကနေ ပြန်ထွက်သွားတယ်...။ အချစ်လည်း လှေကလေး ခပ်ဝေးဝေးကိုရောက်မှ သူ့ကိုကယ်ခဲ့တဲ့ အဖိုးကြီးနာမည်ကို မေးဖို့သတိရတယ်...။ သူ့ကျေးဇူးရှင်နာမည်တောင် မမေးလိုက်ရဘူးဆိုပြီး စိတ်မ ကောင်းစွာနဲ့ ကမ်းပေါ်ကိုလျှောက်လာတယ်...။ အဲဒီမှာပဲ အဖိုးကြီးတစ်ယောက်ကို ထပ်တွေ့တယ်...။ ဒီအဖိုးကြီးကို မြင်ဖူးပါတယ်ဆိုပြီး သူကြည့်နေတယ်...။ သေသေချာချာကြည့်မှ သူတို့ခံစားချက်ကျွန်းမှာ အတူတူနေခဲ့တဲ့ ``အသိ´´ဆိုတဲ့ လူကြီးဖြစ်နေတယ်...။ ``အချစ်´´လည်း ဒီ``အသိ´´ဆိုတဲ့အဖိုးဟာ အားလုံးကိုသိတယ်...။ သူမသိတာမရှိဘူး...။ အဲဒီတော့ ငါ့ကိုကယ်ခဲ့တဲ့အဖိုးကြီးကိုလည်း သိမှာပဲဆိုပြီး သွားမေးတယ်...။
``အဘ.. ခုနက ကျွန်မကိုကယ်ခဲ့တဲ့ အဖိုးကိုသိလား´´ဆိုတော့
``သိတာပေါ့....။ သူ့နာမည်က အချိန်တဲ့...´´
``ဘယ်သူမှ မကယ်ချင်တဲ့ကျွန်မကို သူကဘာလို့ ကျွန်မကို ကယ်တာလဲ...။´´ဆိုတော့ ``အသိ´´ဆိုတဲ့ အဖိုးကြီးက ပြန်ပြောတယ်....။
``သမီး မှတ်ထား....။ ဒီဘဒ္ဒကမ္ဘာလောကကြီးမှာ အချစ်ရဲ့တန်ဖိုးကို နားလည်တဲ့သူဆိုလို့ ``အချိန်´´တစ်ခုပဲ ရှိတယ်´´တဲ့......။

ဒါ့ကြောင့် အချစ်ရဲ့တန်ဖိုးကို သိချင်လျှင်အချိန်ကို စောင့်လိုက်ပါ.....။
..........
..........
..........
(ဆရာ အတ္တကျော်၏ ``တရုတ်အဖိုးကြီးတစ်ယောက်အကြောင်း´´ ဆိုတဲ့ ဆောင်းပါးလေးကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။)

[ Read More ]

The Cracked Pot (အက်ရာနဲ့ အိုးကလေး)

တစ်ခါက ရေထမ်းသမား တစ်ဦးမှာ ရေအိုး နှစ်လုံးရှိသတဲ့။ ရေထမ်းသမားက အဲ့ဒီ
ရေအိုး နှစ်လုံးကို ထမ်းပိုး တစ်ဘက်တစ်ချက် ဆီမှာ ချိတ်ဆွဲပြီး
ရေထမ်းထွက်လေ့ ရှိတယ်။ ရေအိုး တစ်လုံးမှာ အက်ရာရှိနေပြီး ရေတွေ စိမ့်ကျ
ကျန်နေရစ်ခဲ့လို့ အဲ့ဒီ အိုးကလေးက ဘယ်တော့မှ ရေအပြည့်
သယ်မပေးနိုင်ရှာဘူး။ ကျန်တဲ့ အိုးတစ်လုံးကတော့ အပြစ် အနာအဆာ လုံးဝ
ကင်းရှင်းနေတဲ့အတွက် ရေကို အိုးအပြည့် သယ်ပေးနိုင်တာပေါ့။
အလွန်ဝေးတဲ့ ခရီး အတိုင်း ရေထမ်းသမား ရေထမ်းပြီး ပြန်လာတိုင်း အက်ရာနဲ့
အိုးကလေးထဲက ရေဟာ အိုး တစ်ဝက်လောက်ပဲ ကျန်နေခဲ့ပြီး ကျန်တဲ့ တစ်ဝက်က အမြဲ
လမ်းမှာ ယိုစိမ့် ကျန်နေရစ်ခဲ့တယ်။ နေ့စဉ်နေ့တိုင်းမှာ ရေ တစ်ခေါက်
သယ်တိုင်း အိုးနှစ်လုံးစာ အပြည့် ဘယ်တော့မှ မရဘဲ ရေ တစ်အိုးနဲ့
တစ်ဝက်စာပဲ အမြဲ ရတာပေါ့။ ဒီလိုနဲ့ ရေထမ်းသမားက ရေ သယ်လာလိုက်တာ
နှစ်နှစ်တောင် ကြာလို့ နေခဲ့ပြီ။ အကောင်းပကတိ အတိုင်း ရှိနေတဲ့ အိုးကတော့
အမြဲ ရေအပြည့် သယ်ပေးနိုင်တဲ့ အတွက် သူ့ရဲ့ အပြစ်ကင်းမှု အပေါ်
ဂုဏ်ယူဝမ်းမြောက် နေတယ်။ အက်ရာနဲ့ အိုးကလေး ခမျာမှာတော့ သူ့ရဲ့ အပြစ်
အနာအဆာကြောင့် ရေထမ်းသမား ပင်ပန်းရကြိုး မနပ် ဖြစ်နေတာကို တွေးတွေးပြီး
ရှက်လို့ မဆုံး၊ ဝမ်းနည်းလို့ မဆုံး ဖြစ်နေရတယ်။ ရေထမ်းသမားက ရေအပြည့်
အမြဲ ဖြည့်ပြီး သယ်ခဲ့ပေမဲ့ သူက ရေကို တစ်ဝက်လောက်ပဲ အိမ်အရောက်
သယ်ပေးနိုင်ခဲ့တာကိုး။
အဲ့ဒီလို ခါးသီးတဲ့ ရှုံးနိမ့်မှု၊ သိမ်ငယ်မှုတွေကို နှစ်နှစ်လောက် ခါးစည်း
ခံခဲ့ပြီးတဲ့နောက်တော့ အက်ရာနဲ့ အိုးကလေး ဟာ ဆက်ပြီး သည်းမခံ
နိုင်တော့ဘူး။ တစ်နေ့တော့ မြစ်ဘေးနားမှာ ရေခပ် နေတဲ့ ရေထမ်းသမားကို
ဖွင့်ပြောလိုက်တယ်။
ကျွန်တော့်ရဲ့ အပြစ် အနာအဆာ အတွက် ခွင့်လွှတ် ပေးပါ ခင်ဗျာ။ ကျွန်တော့်မှာ
ရှိနေတဲ့ ဒီ အက်ရာ ကနေ ရေအမြဲ ယိုစိမ့်ပြီး ကျန်နေခဲ့လို့ သခင့်အတွက်
ရေကို အပြည့် ဘယ်တော့မှ ကျွန်တော် သယ်မပေးနိုင်ခဲ့ဘူး။ ကျွန်တော့်ရဲ့
ချို့ယွင်းချက်ကြောင့် သခင့် လုပ်အားတွေ ဆုံးရှုံးရသလို ပိုပြီးတော့လဲ
ပင်ပန်းနေရတယ်။တာဝန်ကို ကျေပွန်အောင် မထမ်းနိုင်တဲ့ ကျွန်တော့်
အားနည်းချက်ကြောင့် သခင် ပင်ပန်းရကျိုး မနပ် ဖြစ်ရတာ စိတ်မကောင်း
ဖြစ်ရသလို အဲ့ဒီအတွက်လဲ ကိုယ့်ကိုကိုယ် ရှက်လှပါတယ်ခင်ဗျာ။
အဲ့ဒီစကားကို ကြားတော့ ရေထမ်းသမားက အက်နေတဲ့ အိုးကလေး နားလည်အောင် အခုလို
ရှင်းပြပါတယ်။
မင်းရဲ့ တစ်ခြားဘက် အခြမ်းမှာ မရှိဘဲ မင်းဘက် အခြမ်းမှာပဲ ရှိနေတဲ့
ပန်းပင်တွေကို လမ်းတစ်လျှောက်မှာ သတိ မထားမိဘူးလား။ ငါက မင်းရဲ့
အားနည်းချက်ကို သိတယ်။ ဒါကြောင့် မင်းဘက်အခြမ်းမှာ ပန်းမျိုးစေ့တွေကို
ကျဲပြီး စိုက်ခဲ့တယ်။ အိမ်အပြန် လမ်းတစ်လျှောက်လုံး မင်းဆီက ကျတဲ့ ရေတွေက
အဲ့ဒီ ပန်းမျိုးစေ့တွေကို ရှင်သန်ကြီးထွား စေခဲ့တာပေါ့။ အခုဆို အဲ့ဒီ
ပန်းပင်လေးတွေက အပွင့်တွေ ပွင့်ပေးလို့ ငါ့ အိမ်အပြန်မှာ သူတို့ကို
ခူးခဲ့ပြီး ပန်းအိုး ထိုးလို့ ရနေပြီ။ မင်းရဲ့ အက်ရာသာ မရှိခဲ့ရင်
ငါ့အိမ်ကို အခုလို ကျက်သရေရှိပြီး လှပနေအောင် ဘယ်လို အလှ ဆင်နိုင်မလဲ။
ကျွန်တော်တို့ အားလုံးမှာ အားနည်းချက် ကိုယ်စီ ရှိကြပါတယ်။ အက်ရာနဲ့ အိုးကလေး လိုပဲပေါ့။ အဲ့ဒီ ချို့ယွင်းချက်၊ အားနည်းချက၊် အပြစ်အနာအဆာ တွေက ကျွန်တော်တို့ရဲ့ ဘ၀တွေကို အလွန်တရာ စိတ်ဝင်စားဖို့ ကောင်းအောင် ဖန်တီး ပေးသလို ကိုယ့်ဘ၀ရဲ့ ဆုလာဘ်တွေလဲ ဖြစ်တယ်။ ဘယ်လို လူစားမျိုးပဲ ဖြစ်ဖြစ် ကျွန်တော်တို့က ကောင်းကွက်လေးတွေကို မြင်တတ်ဖို့ လိုပါတယ်။ အဲ့ဒီ ချို့ယွင်းချက်၊ အားနည်းချက၊် အပြစ်အနာအဆာ တွေကို မှန်မှန်ကန်ကန် အသုံးချနိုင်အောင် တည့်ပေးလိုက်နိုင်ရင်တော့ ဒါတွေဟာ စိတ်ပျက် အားငယ်စရာတွေ မဟုတ်တော့ဘဲ ဘ၀ရဲ့ ကောင်းချီးပေးမှုတွေ ဖြစ်လာမှာပါ။

သင့် ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ အမျိုးမျိုးသော လူသားတိုင်းကို နားလည်စွာ ချီးမြှောက်ဖို့ သတိရပါ။

ဘာသာပြန်သူ - မိုးကုတ်သား
[ Read More ]
 
 

---တောင်းပန်စကား ---

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ) ဆုံဆည်းရာ မှာလည်း ဆုံတွေ့နိုင်ပါတယ်..။ https://www.facebook.com/meeting2gt

About Me

My Photo
Hello there ! I'm rather new to blogging & collecting favorite posts.* (Mai Occupation :*Teaching Internet, Basic Computer & Web Design & then working in MIT*) > I'm 40% friendly > 30% geek > 20% crazy > 10% emo. *What u see may not be what u get* (: Feel free to add me as a friend. BB, CUL ....

Labels

Blogger (10) Computer (9) Dahama (21) Double Crane (1) Download (1) Ebook (6) Essay (6) Favourite (9) Gardars (1) Health (19) Internet (18) Knowledge (37) Learning English (4) Mobile (4) Poem (6) Story (2)

Followers