Friday, May 25, 2012

ယုံကြည်မှုအပေါ် နားလည်ခြင်း

ခေတ်အဆက်ဆက် ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။ ၂၁ ရာစု၏ ခေတ်သစ်အသွင်အပြင် ပို၍ပီသလာလေ၊ "ယုံကြည်မှု" ပိုမိုလိုအပ်လာလေ ဆိုသည်ကို တွေ့ရပါသည်၊ ယုံကြည်မှု၏ အဓိပ္ပာယ်နှင့် ယုံကြည်မှုအပေါ် နားလည်ခြင်း (Understanding Trust) တို့၏ တန်ဖိုးသည် ရှေ့တန်းသို့ မည်သူမျှ မတွန်းတင်ရဘဲ ရောက်လာရသည်။ Trust ဆိုသော ယုံကြည်မှုမှာ တစ်ဦးနှင့်တစ်ဦး တစ်ဖက်နှင့်တစ်ဖက် နားလည်ခြင်း၊ စိတ်ချရခြင်း (Understanding Assurance & Confidence) တို့ကို အခြေခံထားပါသည်၊ သံသယရှိနေသမျှကာလပတ်လုံး ယုံကြည်မှုဟူသော Trust ပေါ်ပေါက်လာမည် မဟုတ်ချေ။

ယုံကြည်မှုနည်းခြင်း (Low Trust) တွင် သံသယပမာဏများ၍ ယုံကြည်မှုမြင့်မားခြင်း (High Trust) တွင် သံသယတို့ အတော်ပါးလျားသွားသည်ကို တွေ့ရမည်။ ယုံကြည်မှုသည် တစ်ဦးချင်းမှာသော်လည်းကောင်း မိသားစုအတွင်းမှာသော်လည်းကောင်း အရေးကြီးသောကဏ္ဍမှာ ရှိသည်။ ကိုယ့်ကိုယ်ကို
မယုံကြည်သောသူတစ်ဦးအတွက် ယုံကြည်ကိုးစားမှု (Confidence) ရှိမည်မဟုတ်ချေ၊ ငွေကို မထိန်းနိုင်သော၊ အပျော်အပါးကို မထိန်းနိုင်သောသူတစ်ဦးသည် ငွေများများ၊ အပျော်အပါး များများရှိသော လုပ်ငန်းကို လုပ်ရန် ယုံကြည်စိတ်ချရမှု (Confidence) အပြည့်အ၀ရမည် မဟုတ်ချေ။

ယုံကြည်မှုအခြေခံနောင်ရိုး

ကိုယ့်ထက်အင်အား ၈ ဆသာသော ရန်သူကို အောင်ပွဲရသည်အထိ တိုက်နိုင်ခဲ့သော ဘုရင့်နောင်၏ နောင်ရိုး တိုက်ပွဲမှာ ခေါင်းဆောင်နှင့်နောက်လိုက် အပြန်ပြန်အလှန်လှန် ယုံကြည်ကြသောကြောင့် ဖြစ်သည်။ ခေါင်းဆောင်နှင့် နောက်လိုက်တို့၏ အပြန်ပြန်အလှန်လှန် နားလည်မှု (Mutual Understanding) မှ အခြေခံသောရလဒ်က အပေါ်အောက် Trust ကို ရရှိစေပါသည်။ ယုံကြည်မှုမှတစ်ဆင့် အသီးအပွင့်က ယုံကြည် စိတ်ချမှုဟုခေါ်သော Confidence ကို ပေးသဖြင့် ၄င်းက အင်အားများဖြစ်စေကာ တိုက်ပွဲကို အောင်နိုင်ခြင်း ဖြစ်သည်။ တိုက်စစ်-ခံစစ်သဘောတရားဖြင့် တွက်ပါက အမှန်အင်အား (၂၄) ဆကွာသော တိုက်ပွဲသည် ဘုရင့်နောင်၏ ဦးဆောင်မှုကောင်း၊ ခေါင်းဆောင်ကောင်း အရည်အချင်းပေါ်များစွာ မူတည်ပြီး ခေါင်းဆောင်၏ အရည် အချင်းကြောင့် Trust ရရှိလာ ကြခြင်း ဖြစ်သည်။

တောင်ငူဘုရင် တပင်ရွှေထီး နန်းတက်စ ဥဿာပဲခူး ရွှေမော်ဓောတွင် နားထွင်းမင်္ဂလာ ဆောင်ရွက်နိုင်ကြခြင်းမှာ တပင်ရွှေထီး၊ ဘုရင့်နောင်၊ လူစွမ်း ကောင်းစစ်သည်အတွင်း Multi-Trust ရသောကြောင့် ဖြစ်သည်။ ထိုယုံကြည်မှုမှ တိုက်စွမ်းရည်အပေါ် ကိုးစားမှု Confidence ရပြီး ရန်သူ့နယ်တွင် လူ နည်းနည်းနှင့် လာရောက်နားထွင်းနိုင်ခဲ့ ခြင်း ဖြစ်သည်။ ယုံကြည်မှုကို သာမာန် ဟုမမြင်သင့်ဘဲ ထိုမှပေးသော အကျိုးဆက် သက်ရောက်မှုများကို မြင်နိုင်လျှင် မည်မျှတန်ဖိုး ကြီးသည်ကို တွေ့နိုင်မည်ဖြစ်သည်။

ယုံကြည်မှုနည်းပါး

Low Trust တွင် ယုံကြည်မှုနည်းပါးသဖြင့် သံသယတို့ များပြားသည်၊ အပြန်အလှန် ပြည့်ဝသောယုံကြည်မှု (Absolute Mutual Trust) မရ၊ ယင်း အတွက် အဖိုးစားနားသည် အနုတ်လက္ခဏာဆောင်သည်။ ဤသက်ရောက်မှုသည် အရေးအရာအားလုံးနှင့် သက်ဆိုင်သည်၊ လူမှုရေး (Social), စီးပွားရေး (Economy), နိုင်ငံရေး (Politics) စသည်တို့အားလုံးတွင် အကျုံးဝင်ပါသည်။ ယုံကြည်မှုနည်းပါး၍ လူမှုရေးအသင်းအဖွဲ့များ မပီမပြင်ဖြစ်ကြရသည်ကို တွေ့နိုင်သည်။ Social သို့မဟုတ် ကောင်းသောရလဒ်များကို မစွမ်းဆောင်နိုင်သော လူမှုရေးအသင်းအဖွဲ့များ အဖြစ်သာ တွေ့ရပါမည်။ စီးပွားရေးတွင် ပူးပေါင်းဆောင်ရွက်ခြင်းဟူသော (Colla-boration, Co-operation) အတိုင်းအတာမျိုးအထိ မလုပ်နိုင်ရခြင်းမှာ ယုံကြည်မှု နည်းပါးခြင်း (Low Trust) ကြောင့်ဖြစ်သည်။ အနောက်နိုင်ငံများတွင် ပူးပေါင်းမှု (Merger & Acqusition) များပြားခြင်းမှာ High Trust Community ဟူသော ယုံကြည်မှု မြင့်မားသည့် လူမှုအဖွဲ့အစည်းကြောင့် ဖြစ်သည်။

အရှေ့တိုင်းနိုင်ငံများသည် များသောအားဖြင့် Low Trust Countries ဖြစ်နေကြ ရခြင်းမှာ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုနည်းပါးခြင်းကြောင့် ဖြစ် သည်။ ထို့ကြောင့် MNC (Multinational Corporation) များ အထွက်နည်းခြင်း ဖြစ်သည်။ စီးပွားရေးကို ထဲထဲဝင်ဝင်လုပ်ကိုင်ပါက နိုင်ငံတကာဘဏ်များနှင့် ခပ်ခွာ ခွာနေ၍ မရပါ။ ထိုအခါ Trust သည် မည်မျှတန်ဖိုးကြီးသည်ကို တွေ့နိုင်လာပါ သည်။ နိုင်ငံတကာဘဏ်များတွင် High Risk / Low Risk Countries ဟူသော စာရင်းရှိပါသည်။ ယုံကြည်မှုနည်းပါးသော Low Trust နိုင်ငံများမှာHigh Risk စာရင်းထဲပါဝင်ပြီး High Trust နိုင်ငံများကိုLow Risk စာရင်းထဲမှာ ဂုဏ်သရေရှိစွာ တွေ့ရပါမည်။ ဘဏ်များက High Trust - Low Risk နိုင်ငံ များကိုသာ အလွယ်တကူ ငွေချေးငှားလိုကြပါသည်။ Low Trust - High Risk နိုင်ငံများကိုမူ ဘဏ်တိုင်းက မချေးငှားလိုကြ။ အဆက်အဆံရှိခဲ့ဖူးလျှင်တောင်မှ လုပ်ထုံးလုပ်နည်း ပို၍ ရှည်လျားသည်၊ ဘဏ်အတိုးနှုန်းပိုသည်။

မာစီဒီး၊ တိုယိုတာကားတို့ အရောင်းကောင်းရခြင်း အကြောင်းတစ်ခုမှာ Highly Trusted ဖြစ်သောကြောင့် ဖြစ်သည်။ အရည်အသွေးနှင့် ပတ်သက်လျှင် သုံးစွဲသူတို့ ယုံကြည်စိတ်ချရသောကြောင့် ဖြစ်သည်။ Ritz Calton ဟိုတယ် ဈေးကြီးသော်လည်း တည်းခိုသူများရခြင်းမှာ နှစ်ပေါင်းများစွာ စောင့်ထိန်းလာသော သူ၏၀န်ဆောင်မှုအပေါ် စိတ်ချရခြင်းကြောင့် ဖြစ်သည်။ အခန်းတွင်းအသုံးအဆောင် ရုပ်ဝတ္ထုအားဖြင့် အခြားကြယ်ငါးပွင့် ဟိုတယ်များနှင့် သိပ်ထူးခြားသည် မဟုတ်။

ယုံကြည်မှုမြင့်မား

ယုံကြည်မှုမြင့်မားလျှင် ပူးပေါင်း၍ရသည်။ သို့မဟုတ် လွယ်ကူသည်။ အကျိုးဆက်အားဖြင့် အပေါင်းလက္ခဏာဘက် ဦးတည်ပါသည်။ Bill Gates, Warren Buffelt တို့၏ အတိတ်ကာလ လုပ်ဆောင်ချက်များ ကောင်းမွန်သဖြင့် သူတို့ ပမာဏများပြားစွာ ချေးယူခြင်းအတွက် ဘဏ်တွေက အလုအယက် ထုတ်ချေးလိုကြသည်။

၁၉၉၇ အာရှစီးပွားရေးကပ် ဖြစ် စဉ် Low Trust Countries များ နာလံထမှု နှေးကွေးသည်ကို လေ့လာခြင်းအားဖြင့် ယုံကြည်မှု၏တန်ဖိုးကို အတော်အတန် နားလည်နိုင်ပါလိမ့် မည်။ ထိုစီးပွားရေးတွင် IMF, World Bank တို့မှ ဆင်း၍ အကူအညီပေးရသည်။ အလကားတော့ မကူညီ၊ သူတို့ Guide Line ဖြင့် ဆေးခါးကြီးသောက်သလို လိုက်နာကြရသည်။

ထိုစဉ် အရှေ့ တောင်အာရှနိုင်ငံ အားလုံးလိုလို ထောက်ပံ့မှုများ အနည်း အများ လိုအပ်ချိန်ဖြစ်သည်။ Malaysia က တစ်ဘာသာ၊ IMF, World Bank တို့မှ လိုက်နာရန် စည်းကမ်းချက်များ သူ့နိုင်ငံအတွက် မသင့်လျော်ဟု ယူဆသဖြင့် ၀န်ကြီးချုပ် မဟာသီယာက လက်မခံ၊ တိုင်းပြည်ကို မည်သို့သော အစီအမံများဖြင့် ပြန်လည် ကယ်တင်မည်ဟု ကြေညာလိုက်သည်။

မဟာသီယာဆိုသူ၏ စရိုက်သည် ခပ်ကြမ်းကြမ်းပြောတတ်သော်လည်း ပြောသလိုလုပ်တတ်သူအဖြစ် ခေါင်းဆောင်များအလယ်တွင် နာမည်ရထား သူ ဖြစ်သည်၊ သူ့အပေါ် သူ့ပြည်သူများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက High Trust ဖြစ်သဖြင့် အစောဆုံး Recovery ပြန်ရခဲ့ခြင်းကို ပြန်ပြောင်းသတိရလျှင် Trust တန်ဖိုးအတိုင်းအတာကို ခန့်မှန်း နိုင်ပါလိမ့်မည်။

တုံ့ပြန်မှုမြန်

ခေတ်သစ်သို့ ပို၍ ချဉ်းနင်းဝင် ရောက်လာလေ "ယုံကြည်မှု" အပေါ် ပို၍အလေးထားလာလေ သက်ရောက်မှု ပို၍ ကြီးမားလာပြီး တုန့်ပြန်မှုမြန် လေဖြစ်လာပါသည်။

တုန့်ပြန်မှုသည် ဤမျှမြန်ဆန်ပါသည်။ Apple ၏ အရှင်သခင် Steve Jobs က iPod ကိုထုတ်ပြီး iPhone များ ဈေးကွက်တင်မည်ဟု ကြေညာသည့်ခဏ Apple ၏ ရှယ်ယာဈေးကွက်များ တစ်မုဟုတ်ချင်း တက်သွား ခြင်းကိုကြည့်လျှင် အများက Steve ၏ အရည်အသွေးအပေါ် မည်မျှယုံကြည် ကိုးစားသည်ကို တွေ့နိုင်သည်။ ဤတုံ့ ပြန်မှုသည် မည်မျှမြန်ဆန်သနည်းဟု ဆိုသော် Steve သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်အတွင်းမှာပင် ရှယ်ယာဈေးများ ခုန်တက်သွားသည်။

Building Trust

ယုံကြည်မှုတည်ဆောက်သည်ဟု နားလည်ထားသည်။ Trust သည် ယခုအခါ လူမှုအရင်းအမြစ် (Social Capital)၊ လူသားအရင်းအမြစ် (Human Capital)၊ နိုင်ငံရေးအရင်း အမြစ် (Political Capital) များတွင်မှာပါ အတိုင်းအတာကြီးမားစွာ နေရာယူလာပြီ ဖြစ်သည်။ ယုံကြည်မှု၏ တန်ဖိုးနှင့် သက်ရောက်အားကို ပို၍နားလည် ကြလာသည် ဟုယူဆရ၏။

ယုံကြည်မှု တည်ဆောက်ရန် အကြောင်းအရာများစွာရှိသော်လည်း အခြေခံသည် နားလည်မှု (Under-standing) ဖြစ်သည်၊ နားလည်မှုသည် တစ်ဖက်သတ်နားလည်မှုဖြင့် တည်ဆောက်၍မရ၊ အပြန်အလှန် နားလည်မှု (Mutual Understanding) ဖြင့်သာ တည်ဆောက်ရယူနိုင်သည်။ အကွာ အဟ (Differences) များ၊ အယူအဆ (Conceptual) များကို တတ်နိုင် သလောက် ညှိနှိုင်း၊ အလျှော့အတင်း လုပ်ယူရသည်။

ရည်မှန်းချက် (Mission) ၊ အနာဂတ်အမြင် (Vision)များတူလျှင် အခြားအရာများကို သာမာန်အချင်း အရာ (Minor Issues) များအဖြစ် သဘောထားနိုင်ဖို့ လိုသည်။ Assertive ဖြစ်လွန်းလျှင် အခက်အခဲရှိနှိုင်သည်၊ Position ဟူသော ဋ္ဌာနန္တရများကို ခေတ္တမေ့ထားပြီး ရလဒ်ကောင်း (Good Result) ကို ဦးတည်ထားရန် လိုသည်။ Cooperativeness ဟူသော ပူးပေါင်းလိုမှုကို ပြသရန်လိုသည်။ Self Interest ဟူသော ကိုယ်ကျိုးစီးပွားကို ဖယ်ရှားနိုင်လျှင် ယုံကြည်မှုတည်ဆောက်ခြင်း တစ်ဝက်မကပြီးသည်။

မည်သည့်အရာမျှ ခြောက်ပစ် ကင်းသည်ဟူ၍ မရှိ၊ အကောင်းဆုံး လုပ်ဆောင်ကြခြင်းသာ ဖြစ်သည်။ မိသားစု အတွင်းဖြစ်လျှင် Family Interest ကို အန္တိမ ထားက မိသားစု တွင်းပြေလည်၍ ကုမ္ပဏီအဆင့်ဖြစ်လျှင် Company Interest ကို ပန်းတိုင်အဖြစ် ထားရန်လိုသည်။ အမျိုးသားအဆင့် ထိဖြစ်လျှင် National Interest အဖြစ် ရည်မှန်းချက်ထားရန် ဖြစ်သည်။ ဒေသအဆင့်ညှိနှိုင်းမှုတွင် National Interest ကို ရှေ့တန်းတင်လွန်းပါက မအောင်မြင်နိုင်သလို National Level တွင်လည်း Family. Personal Interest ကို ရှေ့တန်းထားလွန်းပါက အောင်မြင်နိုင်မည်မဟုတ်၊ Under-standing ဟူသော နားလည်မှု မရသမျှ ကာလပတ်လုံး ယုံကြည်မှုဟူသော Trust ကိုလည်း ရနိုင်မည် မဟုတ်ပါ။

ဘယ်သူတွေတာဝန်ရှိသလဲ

မိသားစုအဆင့်တွင် အိမ်ထောင်ဦး စီးက တာဝန်ခံရပါသည်။ ကုမ္ပဏီ အဆင့်တွင် ဦးဆောင်သူက တာဝန်ခံ ရပါသည်။ အဖွဲ့အစည်းများတွင် အဖွဲ့ အစည်းတို့ကို ဦးဆောင်သူများက တာ ၀န်ခံရပါသည်။ ခေါင်းဆောင်များတွင် ခေါင်းဆောင်မှုအရည်အသွေးတို့ အရေးကြီးလာပါသည်။ အမြင်ကျယ်မှု၊ သဘောထားကြီးမှု၊ အဆင်အခြင် ကောင်းမှု၊ အနာဂတ်ကို မြင်နိုင်မှုများက အဆုံးအဖြတ်ပေးပါသည်။

-    နှစ်ဦးလုံးညံ့လျှင် ယုံကြည်မှု တည်ဆောက်၍မရပါ၊
-    တစ်ဦးတော်၊ တစ်ဦးညံ့လျှင် လည်း ပန်းတိုင်မရောက်ပါ၊
-    နှစ်ဦးတော်မှသာ ယုံကြည်မှု တည်ဆောက်ရယူနိုင်ပါသည်။
ခေါင်းဆောင်တိုင်း လူတော်များ မဟုတ်နိုင်ကြပါ၊ တစ်ဦးနှင့်တစ်ဦး ကိုယ်ရည်ကိုယ်သွေး (Personality) ကွာခြားနိုင်ပါသည်။ တစ်ခါတစ်ရံ တန်းညှိရနိုင်ပြီး တစ်ခါတစ်ရံ တန်း ညှိမရနိုင်ပါ။

စနစ်ကောင်းတည်ထောင်

စနစ်ကောင်းသည် တစ်ဦးချင်းမှာ ရော၊ အဖွဲ့အစည်းမှာရော၊ နိုင်ငံအဆင့် ထိမှာရော လိုအပ်သော အရေးကြီး အရည်အချင်းတစ်ပါး ဖြစ်သည်။ စနစ်သည် သက်မဲ့အရာဖြစ်သော်လည်း စနစ်ကို မနိုင်လျှင် လူများပျက်စီးရသည်။ ကြိုးစား သမျှ အရာမထင်နိုင်။ သက်မဲ့ကို ဖန်တီးသောလူက System ကိုနိုင် သင့်သည်။

အတွေ့အကြုံအရ လူမျိုးများစွာတွင် ဂျာမနီ၊ အစ္စရေး၊ ဆွစ်လူမျိုးများ ကို ကိုယ်ရည်ကိုယ်သွေးအားဖြင့် အလေးစားဆုံး ဖြစ်ပါသည်။ အမေရိကန်လူမျိုးများကို ထိပ်တန်း ကိုယ် ရည်ကိုယ်သွေးကောင်းသူများအဖြစ် ထည့်မထား။ သို့သော် အမေရိကန်ကို ယနေ့အထိ အခြားလူမျိုးများ မမီကြရခြင်းမှာ "စနစ်"ကြောင့် ဖြစ်သည်၊ စနစ်၏ ချီမ၊ ပံ့ပိုးမှုကြောင့် လုပ်အား ထက်သာလွန်သော အကျိုးတို့ကို ရရှိ နေကြခြင်း ဖြစ်သည်။ စနစ်ကောင်းဖြင့် ယှဉ်သန်ကြရသော မိသားစုဝင်များ သည် စနစ်ပျက်ဖြင့် စခန်းသွားရသော မိသားစုတို့ထက်ပို၍ သက်သောင့် သက်သာ ခရီးရောက်သကဲ့သို့ ဖြစ်ပါ သည်။

၁၉၉၀ ပြည့်နှစ်များက ဗီယက်နမ်သည် ထိုင်းတို့၏ စီးပွားရေးကို မမီခဲ့။ ဦးဆောင်သူ လူမပြောင်း သော်လည်း ဗီယက်နမ်မှ စနစ်ပြောင်းသည့်အခါ တစ်ဟုန်ထိုး တိုးတက်လာသည်ကိုကြည့်ခြင်းဖြင့် စနစ်တစ်ခု၏ အကျိုးသက်ရောက်မှုကို တွေ့နိုင်မည် ဖြစ်သည်။ စနစ်ကောင်းတစ်ခုသည် အချီအမကို ဖြစ်စေသည်၊ အပံ့အပိုးကို ဖြစ်စေသည်။ လူတော်များကိုလည်း မွေးထုတ်နိုင်သည်။

စနစ်ကောင်းဆိုတာ

စနစ်ကောင်းတစ်ခုသည် ဆွေးနွေးသည့် အဆင့်ပေါ်မူတည်၍ အတိမ်အနက်ကြီးသည်။ အခြေခံအားဖြင့် Openess ဟူသော ပွင့်လင်းမှု၊ Trans-parancy ဟူသော ထင်သာမြင်သာ ရှိမှု၊ Appreciation ဟူသော လက်ကမ်း မှုတို့ပေါ်အခြေခံအားဖြင့် မူတည်သည်၊ အဖွဲ့အစည်းများနှင့် ဥပဒေ (Institu-tions) များ အားမသာလျှင် လူမှုအဖွဲ့ အစည်းများ (Civil Societies) များ မထက်မြက်လျှင် တစ်ဦးချင်း Capa-city Building ဟူသည် သဲထဲရေသွန် ဖြစ်ပါမည်။ ကောင်းသော Institutions များရှိခြင်းသည် စနစ်ကောင်းဖြစ်ပြီး ထိုစနစ်ကောင်းရှိပါမှ Capacity Building လုပ်ယူ၍ အကျိုးဖြစ်ထွန်း နိုင်ပါသည်။ သို့မဟုတ်ပါက ရေများ ရေနိုင်/ မီးများ မီးနိုင်ဖြင့် ပလိုင်းပေါက် နှင့် ဖားကောက်သည်ထက် ပိုမည် မဟုတ်။

အကြံပေး

လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး စသည်တို့အားလုံးတွင် တိုးတက်ကြီးပွားလာသောအခါ ဦးဆောင်သူသည် အရေးအရာအားလုံးကို မစေ့ငုမိနိုင်တော့။ များသောအားဖြင့် အကြံပေးအဖွဲ့များ၊ ဥာဏ်ကြီးရှင်(Think Tank) များ ထားရှိကြရသည်။ ခေါင်းဆောင်က ဖြစ်သင့်-မသင့်၊ တော်-မတော်ကို နောက်ဆုံး အဆုံး အဖြတ်ပေးရန်သာ ဖြစ်သည်။ ဤ အတွက် Perspective View မှ ကြည့် တတ်ရန်လိုသည်။ အကျိုးဆက် Consequences များကို တွက်ချက် တတ်ရန်လိုသည်။ စနစ်ကောင်းတစ်ခု တွင် ရှိကြသောနိုင်ငံများတွင် သာမန် အမတ်လောက်နှင့် ၀န်ကြီးတာဝန် မထမ်းဆောင်ဘူးဘဲ သမ္မတအဖြစ် လုပ် ကိုင်နိုင်ကြခြင်းမှာ အရည်အသွေးရှိသော Aide များရှိ၍ ဖြစ်သည်။ အမြော် အမြင်ရှိသော၊ အရည်အသွေးမြင့်သော၊ ကိုယ်ကျိုးစီးပွား ရှေ့တန်းမတ်သော Aides များကိုထားရှိလျှင် ညှိနှိုင်း မှုများကို ကောင်းစွာဆောင်ရွက်နိုင်မည်ဖြစ်သည်။

ယုံကြည်မှုမှတိုးတက်မှုသို့

ကိုယ့်ကိုယ်ကို ယုံကြည်ရန် ဦးစွာလိုပါသည်၊ မိသားစုအတွင်း ယုံကြည်မှု ရှိသင့်သည်၊ အဖွဲ့အစည်းများတွင် ဦးဆောင်သူနှင့် နောက်လိုက်များ အပြန်ပြန် အလှန်လှန် ယုံကြည်မှုရှိရပါသည်။ မတူညီသော အဖွဲ့အစည်းများတွင် လည်း Mutual Trust ရှိရပါမည်၊ သို့မှသာ ပူးပေါင်းမှုကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။ အမေရိကန်တွင် လောလောဆယ် စီးပွားရေးအကျပ် အတည်းကြောင့် ကမ္ဘာ့ဧရာမ လေ ကြောင်းလိုင်းကြီး နှစ်လိုင်းဖြစ်သော Northwest နှင့်Delta Airline နှစ်ခု ပူးပေါင်းသွားကြသည်။ ထိုကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး ခေါင်းဆောင်နှစ်ဦးအနက် တစ်ဦးက CEO အဖြစ် ဦးဆောင်ခွင့် ရခြင်းမှာ Trust Building ကို တည် ဆောက်နိုင်၍ ဖြစ်သည်။ နိုင်ငံကြီး သားစိတ်ဓာတ်ဖော်ပြရာကျပြီး ရင့်ကျက်မှု၏ အတုံ့အပြန်ကြောင့်လည်း ဖြစ်သည်။

ယုံကြည်မှုအဆင့်

မည်မျှယုံကြည်ရမည်၊ ယုံကြည်ကြသည်ကို ပြောရန်လိုပါသေးသည်။ Level of Trust ဟုပြောသည်၊ လင်မယား အိမ်ထောင်စုတွင် တစ်ဦးနှင့် တစ်ဦး မယုံကြည်ကြပါက အိမ်ပြန်နောက်ကျသော ခင်ပွန်းအတွက် ဇနီးသည်က သောကရောက်ရပါသည်။ တချို့ဇနီးမယားများက "အချိန်တန်ရင် ချည်တိုင်တော့ပြန်လာမှာပါ" ဟူသော အတွေးသည် သူ့ယောက်ျားကို တစ်ဝက်ယုံပေးခြင်းဖြစ်သည်။

အပျော်အပါးတပ်မက်ဦးတော့ အိမ်ထောင်ရေးပျက်စီးရန်အထိ လုပ်မယ့်သူ မဟုတ်ဟု တစ်ဝက်ယုံပေးခြင်းဖြစ်သည်။ လုံးဝမယုံသည်ထက်စာလျှင် တော်သေးသည်ဟု ကောက်ချက် ချ၍ရပါသည်။

တချို့က ယောက်ျားသွားလေရာ မိန်းမက လိုက်သည်၊ မိတ်ဆွေထဲတွင် စီးပွားရေး အတော်အတန်တောင့်တင်းပြီး သားသမီးများပင်အိမ်ထောင်ကျကာ ကိုယ်လည်း ငါးဆယ်ကျော်၊ ခြောက်ဆယ်နီးသည့် အိမ်ထောင်တစ်ခုတွင် ခင်ပွန်းသွားလေရာ ဇနီးက လိုက်နေသည့် CEO တစ်ဦးကို တွေ့ဖူးသည်။ အချစ်လွန်သည်ထက် ယုံကြည်မှု လုံးဝ မရသူဟု မြင်ပါသည်။ အကြောင်းချင်း သိ၍ လိုက်သူကိုလည်း အဆိုးပြော၍ မရ၊ ထိုမိတ်ဆွေ CEO လုပ်သူမှာလည်း လစ်လျှင်လစ်သလောက် လှစ်ခနဲ၊ လှစ်ခနဲနေသည်။ ယုံကြည်ရန်မရှိ၍ ယုံကြည်၍မရသည်မှာ မဆန်း။

အထက်ပါသာဓကတွင် ယုံကြည်မှုမည်မျှ ရရှိသည်ဟူသော ပမာဏပေါ် မူတည်၍ Level of Trust ဟူ၍ ဖြစ်လာ သည်။ လုပ်ငန်းကြီးလာလျှင်၊ ရည် ရွယ်ချက်ကြီးလာလျှင် တစ်ဦးနှင့် တစ်ဦး Highest Level of Trust ဖြင့် ဆောင်ရွက်မှသာ ရရှိပါသည်။

အရှေ့အလယ်ပိုင်း အစ္စရေး ပါလက်စတိုင်း မတည်ငြိမ်မှုမှာ နှစ်ပေါင်း သုံး-လေးဆယ်မက ရှိနေပါသည်။ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုပျက်ပြား၍ စေ့စပ်ညှိနှိုင်းမရနိုင်ကြသေးခြင်း ဖြစ်သည်။ "အစ္စရေးမြေ မရှိစေရ"ဟူသော ပါလက်စတိုင်းခေါင်း ဆောင်တစ်ဦး၏ အတိတ်ကကြွေးကြော်မှုသည် ယုံကြည်မှုတည်ဆောက်၍ မရလောက်တဲ့အထိ ရိုက်ခတ်လျက် ရှိနေပါသေးသည်။ ခေါင်းဆောင်များအကြား အမြင်ရှိရန်လိုပါသည်။ ခပ်လွယ်လွယ် ပြုမူမှုသည် လမ်းဘေးကလူတစ်ဦး အတွက် မထောင်းသာသော်လည်း ခေါင်းဆောင်မှု အဆင့်အတန်းပေါ် မူတည်၍ ကာလများစွာအထိ အကျိုး သက်ရောက်မှု ရှိတတ်ပါသည်။

ယုံကြည်မှုရကြရန် ယုံကြည်စွာ ပြုမူဖို့ လိုပါသည်။
ရည်ရွယ်ချက် ရည်မှန်းချက်တို့ကို ညှိနှိုင်းရပါသည်။
ကိုယ်ကျိုးစွန့်လွှတ်မှု၊ အနစ်နာခံ မှုတို့ဖြင့် တည်ဆောက်ရပါသည်။
အများအကျိုးဟူသော စိတ်ဆန္ဒ မျိုးထားတတ်ရန် ဖြစ်ပါသည်။

မည်သည့်နယ်ပယ်တွင်မဆို လူသားတို့၏ ကောင်းမွန်ပြေပြစ်သော ဆက်ဆံရေးဟူသမျှသည် ယုံကြည်မှုနှင့် ကင်းလွတ်နေသည်မရှိ။ တည်တံ့ခိုင်မြဲစေရန် ကာလရှည်ကြာ ပြုစုပျိုးထောင် ယူရသော အရာတို့တွင် “ ယုံကြည်မှု” လည်းပါဝင်ပါသည်။ လူတစ်ဦး တစ်ယောက်အပေါ်ဖြစ်စေ အဖွဲ့အစည်း တစ်ခုခု အပေါ်တွင် ဖြစ်စေ ယုံကြည်ရမှုသည် ထိုသူသေဆုံး သွားမှ သို့မဟုတ် ထိုအဖွဲ့အစည်း ပျက်သုန်းသွားမှသာ ပြီးပြည့်စုံပြီဟုလည်း ဆိုပါသည်။
          ဤအချက်သည် ယုံကြည်မှုပိုင်ဆိုင်ထားမှု သက်တမ်း မည်မျှ ရှည်လာသည် ဖြစ်စေ တဒင်္ဂအတွင်း အချိန်မရွေး တိမ်းပါးပျက်စီးသွားနိုင်သည့် သဘောကို ပြဆိုနေပါသည်။ ယုံကြည်မှုကို “စိတ်နှလုံး တုံးတုံးချထားသော သေချာရေရာသည့် မျှော်လင့်ချက်” ဟု ရိုးရိုးရှင်းရှင်း အဓိပ္ပါယ် ဖွင့်ဆိုသည်။ မိမိကိုယ်ကို ယုံကြည်မှုပဲဖြစ်ဖြစ် သူတစ်ပါးပေါ်ယုံကြည်မှုပဲဖြစ်ဖြစ် ဤအဓိပ္ပါယ် ဖွင့်ဆိုချက်က ခြုံငုံမိပါသည်။ယုံကြည်မှုကို “အပြော” သက်သက်နှင့်လည်း မပိုင်ဆိုင်နိုင် “အလုပ်” မှသာ ရနိုင်သည်။ အပြန်အလှန် ရှိမှလည်း စစ်မှန်သော ယုံကြည်မှုရှိသည်ဟု ဆိုနိုင်ပါသည်။
          ယုံကြည်ထိုက်ပါလျှက် သံသယ ပွားမိပြန်ကလည်း ရသင့်ရထိုက်သော အကျိုးစီးပွားတို့နှင့် လွဲတတ်သလို တစ်ဖက်တွင် မယုံကြည်ရသည်ကို ယုံကြည်မိပါကလည်း အခြေအနေပေါ်မူတည်၍ ဆုံးရှုံးနစ်နာမှု ပမာဏ အနည်းနှင့်အများ ကြုံရပေသည်။ ယုံကြည်မှု တည်ဆောက်နိုင်မည့် အခြေခံလိုအပ်ချက်များကို ပညာရှင်တို့က ဤသို့ ဆိုထားပါသည်။
 * မိမိကျရာတာဝန်ကို  ကျေပွန်ခြင်း ( dutiful)
 * အပြန်အလှန်လေးစားမှုရှိခြင်း (Matual Respect)
 * ရိုးသားပွင့်လင်းခြင်း ( Honesty)
 * ရိုင်းပင်းကူညီခြင်း ( Cooperation)
 * အပြုသဘောဖြင့် ဆက်ဆံခြင်း ( Positive Behaviour)
 * သစ္စာရှိခြင်း ( Loyalty)
 * အတ္တ - ပရ မျှတစွာ ဆောင်ရွက်ခြင်း (Mutual Benefit)

Ref: နေဇင်လတ် & notebookofayarwaddy

Leave a Reply

Thanks for your comments ...

 
 

---တောင်းပန်စကား ---

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ) ဆုံဆည်းရာ မှာလည်း ဆုံတွေ့နိုင်ပါတယ်..။ https://www.facebook.com/meeting2gt

About Me

My Photo
Hello there ! I'm rather new to blogging & collecting favorite posts.* (Mai Occupation :*Teaching Internet, Basic Computer & Web Design & then working in MIT*) > I'm 40% friendly > 30% geek > 20% crazy > 10% emo. *What u see may not be what u get* (: Feel free to add me as a friend. BB, CUL ....

Labels

Blogger (10) Computer (9) Dahama (21) Double Crane (1) Download (1) Ebook (6) Essay (6) Favourite (9) Gardars (1) Health (19) Internet (18) Knowledge (37) Learning English (4) Mobile (4) Poem (6) Story (2)

Followers