Tuesday, March 08, 2011

အဖြူရောင်အဇ္ဈတ္တ ကသာ လောကအတွက် အဓိကကျ

မကောင်းမှုရှောင်။
(သဗ္ဗပါပဿ အကရဏံ)
ကောင်းမှုဆောင်။
(ကုသလဿ ဥပသမ္ပဒါ)
စိတ်ကိုဖြူအောင်ထား။
(သစိတ္တပရိယောဒပနံ)
ဆူဆူဗုဒ္ဓ ဟောဖော်ပြ
ဆုံးမမြတ်တရား။
(ဧတံ ဗုဒ္ဓါန သာသနံ)
ဂင်္ဂါဝါလု သဲစုအတူ (ဂင်္ဂါမြစ်နံဘေးရှိ သဲပွင့်လေးတွေနှင့် အရေအတွက်အညီအမျှ) ပွင့်တော်မူခဲ့ကြသော ဘုရားရှင်အဆူဆူတို့၏ အဆုံးအမသည် တစ်ပါးတစ်မျိုး အမျိုးမျိုး ကွဲပြားခြားနားခြင်းမရှိ၊ များများစားစားလည်းမဟုတ်။ သုံးမျိုးတည်းသာဖြစ်၏။ သုံးမျိုးတည်းသာဆုံးမခဲ့ကြ၏။ နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံဟုဆိုသော်လည်း ခြုံလိုက်လျှင် ဤသုံးခွန်းသာဖြစ်၏။ ယင်းကား
မကောင်းမှန်သမျှ ရှောင်ပါ။
ကောင်းမှုမှန်သမျှ ဆောင်ပါ။
မိမိစိတ်ကို ဖြူစင်အောင်ထားပါ ဟူ၍ဖြစ်၏။
ဗုဒ္ဓအဆူဆူတို့က ဆုံးမခဲ့သဖြင့် ဗုဒ္ဓဘာသာဟုဆိုနိုင်သော်လည်း အမှန်က ဤသုံးချက်သည် တံဆိပ်မဲ့ဘာသာဝါဒဖြစ်၏။ ဘာသာဝါဒတို့ကို အမည်နာမတံဆိပ်တပ်၍ ခေါ်ဝေါ်သည်မှာ ဘောင်ကျဉ်းသယောင်ရှိ၏။ ဒိဋ္ဌိတွေ၊ မာနတွေ၊ အတ္တတွေ၊ အာဃာတတွေကို အားပေးအားမြှောက် ပြုတတ်၏။ ဘာသာရေး အစွန်းရောက်များက သက်သေဖြစ်၏။
အမှန်က ကမ္ဘာ၌ ဘာသာတစ်ခုတည်းသာရှိ၏။ ထိုဘာသာသည် မကောင်းမှုမှန်သမျှမပြု၊ မလုပ်ကြဖို့၊ ကောင်းမှုမှန်သမျှ ပြုကြ၊ လုပ်ကြဖို့၊ မိမိတို့အဇ္ဈတ္တ(စိတ်)ကိုဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်းဖြစ်အောင်ထားကြဖို့ ဖြစ်၏။ မကောင်းမှုမှန်သမျှမပြု၊ မလုပ်ရှောင်ခဲ့လျှင် ကောင်းမှုမှန်သမျှပြုလုပ်ဆောင်လျှင် မိမိတို့စိတ်ကို ဖြူအောင်၊ စင်အောင်၊ သန့်အောင်၊ ရှင်းအောင်ထားလျှင် ဘာသာရေးကျင့်ဝတ်က ပြီးပြည့်စုံလေပြီ။
မကောင်းမှုကိုရှောင်နိုင်ဖို့ မကောင်းမှုက စ၍ပြောရမည်။ မကောင်းမှုဟူသည် ဒုစရိုက်အမှုဖြစ်၏။ မကောင်းသောအကျင့်ဖြစ်၏။ ဒုစရိုက်ကိုစာက ၁၀ မျိုးပြ၏။ သူ့အသက်သတ်မှု၊ သူ့ဥစ္စာခိုးယူမှု၊ သူတစ်ပါးအိမ်ရာကျူးကျော်မှု၊ အိမ်ထောင်ရေး၊ လူမှုရေးစည်းဖောက်မှု၊ ကာယကံသုံးပါး၊ လိမ်ညာပြောမှု၊ ကုန်းချောစကားပြောမှု၊ ကြမ်းတမ်းသော စကားပြောမှု၊ အကျိုးမဲ့စကားပြောမှု၊ ၀စီကံလေးပါး၊ မိမိမရသင့်တာ သူတစ်ပါးဥစ္စာရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တို့ကို မတော်မတရားရယူလိုမှု၊ သူတစ်ပါးအပေါ် မကောင်းကြံမှု၊ အယူမှားမှု မနောကံသုံးပါးပေါင်းတော့ ဒုစရိုက် ၁၀ ပါးဖြစ်၏။
ဘုရားဟော ဒုစရိုက်အပြင် လောကအနေအထား ဒုစရိုက်များလည်း မြောက်မြားစွာရှိ၏။ သူတစ်ပါးကိုဒုက္ခပေးခြင်း၊ အနှောင့်အယှက်ပေးခြင်း၊ အနိုင်ကျင့်ခြင်း၊ နိုင်လိုမင်းထက်ပြုခြင်း၊ နိုင်ထက်ကလူပြုခြင်း၊ ဗလက္ကာရပြုခြင်း၊ ဗလတစ်ခုခုအားကိုးပြု၍ ညှဉ်းပန်းနှိပ်စက်ခြင်း၊ နိုင်ထက်စီးနင်းပြုခြင်းစသည် တို့သည် ဒုစရိုက်-မကောင်းကျင့်၊ မကောင်းမှုဖြစ်၏။
အားနာမှုမရှိခြင်း၊ ငဲ့ညှာမှုမရှိခြင်း၊ စာနာမှုမရှိခြင်း၊ ထောက်ထားမှု၊ သက်ညှာမှုမရှိခြင်း၊ ဦးစားပေးရ ကောင်းမှန်းမသိခြင်း၊ ဦးစားပေးမှုမရှိခြင်း၊ စဉ်းစားဆင်ခြင်မှုမရှိခြင်း၊ အမြော်အမြင်မရှိခြင်း၊ ကျယ်ကျယ်ပြန့်ပြန့်မတွေး၊ မကြည့်ခြင်း စသည် တို့သည် ဒုစရိုက်-မကောင်းကျင့်၊ မကောင်းမှုဖြစ်ကြ၏။
စည်းကမ်းမရှိခြင်း၊ စည်းမဲ့ကမ်းမဲ့ ပြုလုပ်ခြင်း၊ စည်းမဲ့ကမ်းမဲ့ နေထိုင်ခြင်း၊ စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ တံထွေးထွေးခြင်း၊ ကွမ်းသွေးထွေးခြင်း၊ အကန့်အသတ်ဘောင်ကိုကျော်၍ အကန့်အသတ်မဲ့ လုပ်ကိုင်နေထိုင်ခြင်းစသည်တို့သည် ဒုစရိုက်-မကောင်းကျင့်၊ မကောင်းမှုများဖြစ်ကြ၏။ ခြုံ၍ဆိုရလျှင် ပတ်ဝန်းကျင်အတွက် အနှောင့်အယှက်ဖြစ်သော၊ ပတ်ဝန်းကျင်က လက်ခံသဘောတူညီမှုမပြုနိုင်သော အပြုအမူဟူသမျှသည် ဒုစရိုက်-မကောင်းကျင့်၊ မကောင်းမှုများဖြစ်ကြ၏။ ထိုမကောင်းမှုတို့ကို အတတ်နိုင်ဆုံး ရှောင်ဖို့လိုသည်။
ကောင်းမှုဟူသည် ကောင်းအောင်ပြုသော အမှုဖြစ်၏။ မိမိကောင်းဖို့က သာမည၊ အများကောင်းဖို့၊ ပတ်ဝန်းကျင်ကောင်းဖို့က အဓိကဖြစ်၏။ မိမိပြုသော အမှုကောင်းမှုစာရင်းဝင်ဖို့ရာ၌ စိတ်ကောင်း၊ စေတနာကောင်းက တော့ပဓာနကျ၏။ ထို့အပြင် အရည်အချင်းကောင်းလည်း လို၏။ စိတ်စေတနာကောင်းသော်လည်း အရည်အချင်းကညံ့နေလျှင် ကောင်းမှုဖြစ်ဖို့ အာမမခံနိုင်၊ ကောင်းမှုဟု ပြောနိုင်ဖို့အတွက် ကောင်းကျိုးသက်ရောက်မှု ရုပ်လုံးပေါ်ဖို့က အရေးကြီး၏။
ကောင်းကျိုးသက်ရောက်မှု သရုပ်သကန်ကိုအကောင်အထည် ထင်ထင်ရှားရှားနှင့် သက်သေသာဓကအဖြစ် ပြယုဂ်ကောင်းကောင်း (မလိမ်ကြေး၊ မညာကြေး) မှန်မှန်ကန်ကန်ပြနိုင်မှသာ ကောင်းမှုဟုအများက လက်ခံနိုင်လိမ့်မည်။ ထိုသို့ ပြယုဂ်ကောင်းကောင်း မှန်မှန်ကန်ကန်ပြနိုင်မှသာ မိမိ၏စိတ်စေတနာကို အကောင်းဟုအများက ယုံကြည်လိမ့်မည်။ ထိုအများယုံကြည်လက်ခံနိုင်သော ကောင်းမှုမျိုးကို ပြုလုပ်ရမည်။ ဆောင်ရမည်။
မကောင်းမှုကိုရှောင်ဖို့ ဟိရီနှင့်သြတ္တပ္ပ - အရှက်နှင့်အကြောက်ရှိရ၏။ ရှက်ကြောက်တတ်သူသာ မကောင်းမှုကိုရှောင်၏ ကောင်းမှုဆောင်ဖို့ပထမ မကောင်းမှုကိုရှောင်ရ၏။ မကောင်းမှုမရှောင်ဘဲ ကောင်းမှုဆောင်သူပါဟု အမည်ခံလျှင် ရေမှုတ်တစ်ဖက် မီးစတစ်ဖက်ဟုသာ အပြောခံရလိမ့်မည်။ စိတ်ကိုဖြူအောင်ထားဖို့ရာ၌ မကောင်းမှုကိုရှောင်၍ ကောင်းမှုကိုဆောင်နိုင်သူမှသာဖြစ်၏။ မကောင်းမှုမရှောင်ပါဘဲ ကောင်းမှုမဆောင်ပါဘဲ စိတ်ဖြူဖို့ဆိုသည်မှာ လုံးဝယုတ္တိမရှိပေ။
စိတ်ဖြူဖို့အတွက် ကောင်းမှုဆောင်ရ၏။ ကောင်းမှုဆောင်နိုင်ဖို့အတွက် မကောင်းမှုရှောင်ရ၏။ မကောင်းမှုရှောင်နိုင်ဖို့အတွက်ဟိရီသြတ္တပ္ပရှိရ၏။ ဟိရီနှင့်သြတ္တပ္ပသည် လောကပါလတရား၊ သုက္ကဓမ္မဟုဘုရားမိန့်၏။ လောကပါလဟူသည် လောကကိုစောင့်ရှောက်ခြင်းဖြစ်၏။ သုက္ကဓမ္မဟူသည် ဖြူစင်ကြောင်းတရားဖြစ်၏။
ဘုရားက "ရဟန်းတို့ ဖြူစင်တဲ့တရားနှစ်ပါး (ဟိရီနှင့်သြတ္တပ္ပ) က လောကကြီးကိုစောင့်ရှောက်နေတယ်။ ဒီတရားနှစ်ပါးကသာ လောကကြီးကို မစောင့်ရှောက်ခဲ့ပါမူ လူတွေဟာ ဆိတ်တွေ၊ သိုးတွေ၊ ကြက်တွေ၊ ၀က်တွေ၊ အိမ်ခွေးတွေ၊ တောခွေးတွေနဲ့ ဘာမှထူးခြားမှာမဟုတ်တော့" ဟု မိန့်ခဲ့သည်။
အရှေ့အရပ်ကို ဓတရဋ္ဌနတ်မင်း စောင့်ရှောက်သတဲ့။ တောင်အရပ်ကို ၀ိရူဠကနတ်မင်း စောင့်ရှောက်သတဲ့။ အနောက်အရပ်ကို ၀ိရူပက္ခနတ်မင်း စောင့်ရှောက်သတဲ့။ မြောက်အရပ်ကိုကုဝေရနတ်မင်း စောင့်ရှောက်သတဲ့။ တချို့ကလည်း လောကကြီးကို ဗိဿနိုးနတ်မင်းက စောင့်ရှောက်သတဲ့။ ထိုနတ်မင်းတို့အမှန်တကယ် စောင့်ရှောက်၊ မစောင့်ရှောက် တပ်အပ်သေချာမပြောနိုင်။ ပြောနိုင်တာကတော့ ဟိရီနှင့်သြတ္တပ္ပသာဖြစ်၏။ ဟိရီနှင့်သြတ္တပ္ပကတော့ အမှန်တကယ် စောင့်ရှောက်နေ၏။ ကမ္ဘာပျက်ဟူသည် ဟိရီနှင့်သြတ္တပ္ပပျက်စီးခြင်းသာဖြစ်၏။ ဟိရီနှင့်သြတ္တပ္ပပျက်လျှင်တော့ ကမ္ဘာပျက်ပြီ။ အဇ္ဈတ္တကမ္ဘာကို ဆိုလို၏။ ဖြူဖို့အတွက် မညစ်ဖို့လို၏။ ညစ်လျှင်မဖြူတော့။ ညစ်လို့မဖြူ၊ မဖြူ လို့ညစ်၊ လျှောက်လည်းမလျှော်၊ ဖွပ်လည်းမဖွပ် ညစ်သည်ထက်ပိုညစ်၊ မည်းသည်ထက်ပိုမည်း၊ အဇ္ဈတ္တကမ္ဘာ ပျက်တော့၏။ အဇ္ဈတ္တကမ္ဘာပျက်လျှင် ဗဟိဒ္ဓကမ္ဘာကို မည်သို့စောင့်ရှောက်မည်နည်း။ အများအကျိုး သယ်ပိုးလိုသူတို့၊ အများအကျိုး ဆောင်ရွက်လိုသူတို့ သတိပြုဖို့ပင်။
အဖြူရောင်သည် ကျက်သရေရှိ၏။ ဇွန်ပန်းဖြူ၊ စပယ်ပန်းဖြူ၊ ဇလပ်ပန်းဖြူလေးတို့သည် အလွန်မှကျက်သရေရှိ၏။ အဆင်းကလည်း ကျက်သရေရှိ၏။ ရနံ့လည်းမွှေးကြူ၏။ မြန်မာဝေါဟာရ၌ "၀တ်ဖြူစင်ကြယ်" ဟူ၍ရှိ၏။ အဖြူရောင်သည် စင်ကြယ်ခြင်း အမှတ်လက္ခဏာ ဖြစ်၏။ သူတော်စင်တို့ ၀တ်ဖြူစင်ကြယ်ဝတ်ကြ၏။ နွားသမားတို့သည် နွားဖြူ (နွားပြာ၊ စာဥ)ကို ကြိုက်နှစ်သက်ကြ၏။ မြင်းသမားတို့သည် မြင်းဖြူကိုကြိုက်နှစ်သက်ကြ၏။ ဤကား ဗဟိဒ္ဓအဖြူရောင်များတည်း။
ဘုရားရှင်အဆူဆူတို့သည် ဗဟိဒ္ဓအဖြူရောင်ကိုဘာမျှမပြော။ "သစိတ္တပရိယောဒပနံ-မိမိစိတ်ကို ဖြူစင်အောင်ထားပါ" ဟု အဇ္ဈတ္တအဖြူရောင်ဖြစ်ရေးကိုသာ အလေးပေး၍ မိန့်မြွက်၏။ ဗဟိဒ္ဓအဖြူရောင်က လောကအတွက်သာမည်ဖြစ်၏။ အဇ္ဈတ္တအဖြူရောင်ကသာ လောကအတွက် အဓိကကျ၏။ အဖြူရောင် အဇ္ဈတ္တကသာ လောကပါလဖြစ်၏။ လောကကိုစောင့်ရှောက်၏။ လောကသားသည် လောကကိုမဖျက်ဆီးကောင်း၊ လောကကိုစောင့်ရှောက်ရ၏။ လောကကိုစောင့်ရှောက်ဖို့အတွက် အဇ္ဈတ္တအဖြူရောင်သည်သာ အရေးပါတာမို့ "သစိတ္တပရိယောဒပနံ"ဟု ဘုရားရှင်အဆူဆူတို့ မိန့်မှာတော်မူခဲ့ကြ၏။

အဖြူရောင်အဇ္ဈတ္တ
WRITTEN BY အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

Leave a Reply

Thanks for your comments ...

 
 

---တောင်းပန်စကား ---

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ) ဆုံဆည်းရာ မှာလည်း ဆုံတွေ့နိုင်ပါတယ်..။ https://www.facebook.com/meeting2gt

About Me

My Photo
Hello there ! I'm rather new to blogging & collecting favorite posts.* (Mai Occupation :*Teaching Internet, Basic Computer & Web Design & then working in MIT*) > I'm 40% friendly > 30% geek > 20% crazy > 10% emo. *What u see may not be what u get* (: Feel free to add me as a friend. BB, CUL ....

Labels

Blogger (10) Computer (9) Dahama (21) Double Crane (1) Download (1) Ebook (6) Essay (6) Favourite (9) Gardars (1) Health (19) Internet (18) Knowledge (37) Learning English (4) Mobile (4) Poem (6) Story (2)

Followers