ဝိုင်ချို (မုဒိတာမဂ္ဂဇင်း-၂၀၁၀)မင်းနာမည်ဘယ်သူဆိုတာ မင်းကိုဘယ်သူက ပြောခဲ့တာလဲ။
မင်းဘ၀ရဲ့  ဘယ်အနေအထားမှာ မင်းဘယ်လိုလူကိုတွေ့ခဲ့တာလဲ။
မင်းရင်ထဲက ဘယ်လိုပညာကို ဘယ်လိုလူတွေအတွက် လုပ်ခဲ့တာလဲ။
မင်းသွားခဲ့တဲ့ ဘယ်ခရီးလမ်းက ဘယ်ပန်းတွေကို နမ်းရှိုက်ဖို့လဲ။
မင်းရှာခဲ့တဲ့ ဘယ်တရားတွေက ဘယ်သူတွေကို ဘာလုပ်ဖို့လဲ
မင်းပြောခဲ့တဲ့ ဘယ်စကားတွေက ဘယ်အဓိပ္ပါယ်နဲ့ ဘာဖြစ်ခဲ့လဲ။
မင်းစောင့်ခဲ့တဲ့ ဘယ်သီလက ဘယ်သူတွေကို ဘယ်လိုအကျိုးပြု။
မင်းဖျတ်ခဲ့တဲ့ ဘယ်ကတိက ဘယ်ဝန်းကျင်ကို ဘာဖြစ်စေခဲ့။
မင်းသိခဲ့တဲ့ မင်းရဲ့ အကြောင်းနဲ့ မင်းမသိခဲ့တဲ့ မင်းအကြောင်းတွေက
မင်းသိခဲ့တဲ့ လောကအကြောင်းနဲ့ မင်းမသိခဲ့တဲ့ လောကအကြောင်းအရာ။
မင်းဘယ်လောက်သိစေခဲ့သလို မင်းဘယ်လောက်မသိစေခဲ့ပြီလဲ။
မင်းပြောခဲ့တဲ့ အမှန်တရားနဲ့ မင်းလုပ်ခဲ့တဲ့ အမှားအယွင်းတွေက
မင်းကခဲ့တဲ့ မင်းဇာတ်လမ်းမှာ မင်းရခဲ့တဲ့ ဇာတ်ကောင်စရိုက်နဲ့
ဘယ်လောက်လိုက်ဖက်လဲ မင်းသိခဲ့လား။
မင်းတွေ့ခဲ့တဲ့ အရှုပ်အထွေးနဲ့ မင်းသိခဲ့တဲ့ငြိမ်းချမ်းရေးမှာ
မင်းဘယ်လောက်လိုက်နာလို့ ဘယ်လောက်ဆင်ခြင်
လူသားတွေအတွက် ဘယ်လောက်အလှဆင်ခဲ့သလဲ။
မင်းအပြစ် မင်းအကျိုး မင်းအဆိုးအကောင်းနဲ့
မင်းအကြောင်း သောင်းပြောင်းထွေလာတွေက
မင်းဘ၀ မင်းအလှ မင်းဂုဏ်ပကာသနကို ဘယ်လိုအထောက်အပံ့ပြုမလဲ။
မင်းဘယ်လောက်တွက်ချက်ခဲ့သလဲ။
မင်းပြုခဲ့တဲ့ မင်းကံကြမ္မာနဲ့ မင်းပြုလုပ်ဆဲ မင်းကံကြမ္မာမှာ
မင်းနာမည်က ဘယ်သူဆိုတာ
မင်းကိုဘယ်သူက ပြောခဲ့တာလဲ။
Friday, March 04, 2011
နာမည်
Subscribe to:
Post Comments (Atom)